ပူးကပ်နေသည့် ခန္ဓာကိုယ်နှစ်ခုကို ကိုယ်စီကိုယ်စီ ဆွဲခွာလိုက်ကြရင်း တစ်ယောက်မျက်နှာကိုတစ်ယောက် မဝံ့မရဲဖြင့် ကြည့်မိကြသည်။
နွေခေါင်ခေါင်တွင် တစ်ယောက်ကိုတစ်ယောက် အချိန်အတော်ကြာထိ တင်းတင်းကျပ်ကျပ်ဖက်ခဲ့ကြ၍လားမသိ နှစ်ယောက်စလုံး၏ နဖူးများပေါ်တွင် ချွေးစလေးများ သီးနေကြသလို တုန်ယင်နေကြသည့် နှုတ်ခမ်းလေးများကလည်း တစ်စုံတစ်ရာကိုပြောချင်နေကြသလို....။
''ဆောရီး''
''ကန်တော့နော် အစ်ကို''
ပြိုင်တူထွက်ကျလာသည့် စကားလုံးများကြောင့်လည်း ရှက်ကိုးရှက်ကန်းဖြစ်ရကာ နီမြန်းသွားကြသည့် မျက်နှာများသည် အထိုးခံထားရသည့် ဒဏ်ရာများထပ် ပိုနီနေကြသလိုပင်။
တစ်ယောက်က မျက်နှာကို တခြားဘက်သို့ ချာခနဲ လှည့်သွားသလို တစ်ယောက်ကတော့ စိတ်ရှုပ်လာလျှင် လုပ်နေကျပုံစံအတိုင်း ထူပွပွဆံပင်များကို သပ်တင်လိုက်ပါတော့၏။
တိတ်ဆိတ်နေသည့် အခန်းကျဥ်းလေးသည် တစ်ယောက်၏ အသက်ရှုသံကို တစ်ယောက်က အတိုင်းသားကြားနေရသည်။ ထိုမျှပင်မက နီးနီးကပ်ကပ်ထိုင်နေကြသော အကွာအဝေးတစ်ခုကြောင့် တဒိတ်ဒိတ်ခုန်နေသော နှလုံးခုန်သံကိုပါ ကြားနေရသကဲ့သို့ရှိနေတော့၏။
''ဒဏ်ရာတွေလိမ်းဖို့ ဆေးသွားဝယ်လိုက်အုံးမယ်''
အကြောင်းပြချက်တစ်ခုနှင့် ထိုင်ရာမှထလိုက်သူ၏ ခြေထောက်များက ယခုချိန်အထိတိုင် ယိုင်နဲ့နဲ့ရှိနေခဲ့ပြီး အပိုဆောင်း ခံစားချက်က ဒူးများခွေညွတ်ကျလုမတတ် ဖြစ်နေခဲ့ပါ၏။
နက်ပြာရောင် လိုက်ကာစလေးကို ဖယ်ကာ အခန်းအပြင်ဘက်သို့ ထွက်လာသည့် ခြေလှမ်းများသည် ကြမ်းပြင်နှင့် မထိတော့သယောင် ခံစားနေရပြီး လှိုက်ဖိုနေသည့် ရင်အစုံကြောင့်လည်း အသက်ကို ဝဝရှုကာ သက်ပြင်းကို အခါခါချနေရသည်။ တစ်သက်နှင့်တစ်ကိုယ် ဤမျှအထိ စိတ်မမောခဲ့ဖူးသူ။
မင်း ဘာဖြစ်နေတာလဲ ခက်သျှား။
မိမိကိုယ်မိမိ မေးခွန်းထုတ်ရင်း အိမ်ရှေ့ခန်းတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေခဲ့သည်မှာ အခါခါ။
ဆေးသွားဝယ်ရန်အလို့ငှာ ငွေစက္ကူအချို့ကို လက်ထဲတွင် ဆုပ်ကိုင်ထားခဲ့သည်မှာလည်း ကြာခဲ့ပြီ။ ယခုအချိန်အထိ ထိန်းချုပ်၍မရသေးသော ရင်ခုန်မှုနှင့် နောက်ဆက်တွဲ ပြဿနာကား မပျောက်ပြယ်သွားပေ။
YOU ARE READING
A Story of 2000s
Romance၂၀၀၀ခုနှစ်ရဲ့ နေ့ရက်များဆီမှာလည်း ပုံပြင်တချို့ရှိခဲ့ဖူးပါတယ်။