"တောက်၊ ဒီကောင်ကွာ"
လက်ထဲမှစာကို လုံးချေဖျက်ဆီးပစ်လိုက်ပြီး ဒေါသတကြီးဖြင့် တောက်တချက်ကို ပြင်းပြင်းခေါက်လိုက်သူက ဦးကျော်ထင်အောင်ရယ်ပါ။ မျက်လုံးများကား မီးဝင်းဝင်းတောက်နေခဲ့ပြီး
ရွှေရောင်မျက်မှန်ကိုင်းလေးကို ပင့်တင့်ကာ ပင့်တင်ကာဖြင့် မျက်စိမျက်နှာအပျက်ပျက်ဖြစ်နေလေ၏။မမြစန်းကတော့ စာလွှာပါးလာသူပီပီ အတွင်းမှအကြောင်းအများကို ဂဃနဏမသိရ။ ထို့အပြင် ဦးကျော်ထင်အောင်၏ဒေါသကြောင့် ရုံးခန်းအတွင်း ငြိမ်ငြိမ်ကလေး ထိုင်နေရုံမှအပ ဘာမှမတတ်နိုင်ခဲ့။
ထိုအခြင်းအရာကိုမြင်သော ဦးကျော်ထင်အောင်ကတော့ ဒေါသကိုပြန်လည်ထိန်းချုပ်လိုက်သည်ထင်။ မျက်စိရှေ့တွင် ငြိမ်ကုပ်စွာထိုင်နေသော မမြစန်းအား တည်ငြိမ်စွာကြည့်လာခဲ့ပြီး အေးဆေးသော လေသံဖြင့် စကားလမ်းကြောင်းကို အစပျိုးလိုက်လေ၏။
"အခု မြတ်ရဲ့ ကျန်းမာရေးကရော ဘယ်လိုရှိနေလဲ ဒီက မမြ.."
"မမြစန်းပါ"
"ဟုတ်ပြီ မမြစန်း၊ မြတ်ရဲ့ကျန်းမာရေးအခြေအနေလေး ကျွန်တော်သိပါရစေလား"
လူကြီးလူကောင်းဆန်စွာ မေးခွန်းထုတ်လာသည့် ဦးကျော်ထင်အောင်သည် ကျော်ကြားကုမ္ပဏီ၏ပိုင်ရှင်ဟုပင် ယုံရခက်ခက်ပင်။ လေယူလေသိမ်းအပြောအဆိုကအစ ညက်ညောနေပြီး အကြည့်များကလည်း နွေးထွေးလွန်းသည်ဟု ထင်ရမိသည်အထိ။ မမြစန်းမြင်တွေ့ခဲဖူးသော ချမ်းသာသည့် ပညာတတ်ယောကျာ်းတွေဆိုတာ သိပ်ကို ဂုဏ်မောက်ကြလွန်းသည်မဟုတ်ပေလော။
"မမမြတ်ရဲ့ ကျန်းမာရေးက အခုထိ ဆိုးဆိုးရွားရွားမရှိပါဘူး၊ အောက်ပိုင်းက ဒဏ်ရာကြောင့်သာ တချို့နေ့တွေ ကိုက်တာခဲတာရှိတတ်ပေမဲ့ သာမန်အချိန်တွေကတော့ လူကောင်းလိုပါပဲ၊ ဒါပေမဲ့..."
မမြစန်းက ပြောနေရင်းမှ စကားကိုခဏရပ်တန့်လိုက်သည်။ ထိုအခါ ဦးကျော်ထင်အောင်ထံမှ ချက်ချင်းပင် မေးခွန်းထွက်လာခဲ့သည်။
"ဒါပေမဲ့ ဘာဖြစ်လဲ မမြစန်း"
"မမမြတ်က ခုတလော အရမ်းအထီးကျန်နေသလိုပဲ ၊ မြကိုသာ စကားတွေဖောဖောသီသီပြောနေပေမဲ့ မျက်လုံးတွေက အရမ်းလျှို့ဝှက်လွန်းနေတယ်၊ မေးရင်လည်း သေသေချာချာရေရေရာရာမပြောဘူးတော့ မြက စိတ်ပူမိတာပါ၊ ဒီက အစ်ကိုလေးလည်း အချိန်ရတဲ့အခါ မမမြတ်ဆီ အလည်လာခဲ့ပါဦး"

YOU ARE READING
A Story of 2000s
Romance၂၀၀၀ခုနှစ်ရဲ့ နေ့ရက်များဆီမှာလည်း ပုံပြင်တချို့ရှိခဲ့ဖူးပါတယ်။