Part 42 (Uni)

716 97 89
                                    

တဆစ်ဆစ်ထိုးကိုက်နေခဲ့သော ဦးခေါင်းသည် ယမန့်ညက ပင်ပန်းနွမ်းနယ်ခဲ့ခြင်းကို မေ့မသွားစေရန် အချက်ပေးနေသည့်နှယ်ရှိနေ၏။ အနည်းငယ် အမ်းနေသောမျက်နှာနှင့် မပွင့်တပွင့်မျက်လုံးတို့သည် ငိုထားသော အရိပ်အယောင်ကိုဖုံးကွယ်၍ မရနိုင်လောက်အောင်ပင် သိသာထင်ရှားနေခဲ့လေသည်။

ခက်သျှား။
မျက်လုံးနှစ်လုံးပွင့်လာသည်နှင့် အရင်ဆုံးပြုလုပ်လိုက်သည်က အိပ်ရာမှလူးလဲထလိုက်ခြင်းပင်ဖြစ်သည်။ ထို့နောက် အိမ်ရှေ့သို့ထွက်လာကာ စူးစူးစမ်းစမ်းဖြင့် လိုက်ကြည့်လေ၏။

"ဟော နိုးလာပြီလား ဖေဖေ၊ ဘွားဘွားမြက မှာခဲ့တယ်၊ ဖေဖေနိုးလာရင် မီးဖိုဆောင်မှာ ထမင်းပြင်ထားတယ်တဲ့"

အိမ်ရှေ့ပြတင်းပေါက်အနားတွင် ငြိမ်ငြိမ်ကလေးထိုင်နေသော သဒ္ဓါလေးထံမှ အသံစာစာကလေးထွက်လာတော့ ခက်သျှားက အသံလာရာဘက်သို့ လှမ်းကြည့်ရင်း ပြုံးပြလိုက်သည်။ ထို့နောက် မျက်နှာသစ်ရန် အိမ်ရှေ့ရေကပြင်ဘက်ဆီသို့ ထွက်သွားလိုက်ပြီး ရေကပြင်အရောင်တွင်တော့ တိုင်ကီထဲမှ ရေတစ်ခွက်ကိုခပ်ကာ အရင်ဆုံးပြုလုပ်သည်က တံတောင်ဆစ်အထက်နှင့်ဒူးအထက်ပေါ်မှ ရေတစ်ခွက်ဆီ လောင်းချလိုက်ခြင်းသာ။

ထို့နောက် တိုင်ကီနံဘေးတွင် ဆောင့်ကြောင့်ထိုင်လိုက်ပြီး မျက်နှာသစ် ကိုယ်လက်သန့်စင်ဆေးကြောလိုက်သည်။ ဇက်ပိုးကို ရေစွတ်ကာ တစ်ချက်နှစ်ချက်မျှ ရိုက်ပြီးနောက် အိမ်ပေါ်သို့ ပြန်တက်လာချိန်ဝယ် မသိစိတ်ထဲ မျှော်လင့်နေမိသည်က ကမ်းပေးနေကျ သဘက်တစ်ထည်။

ရုတ်တရက်ဝင်လာသော အသိစိတ်ကြောင့် မိမိကိုယ်မိမိပြန်ရှက်ရမိသည်အထိဖြစ်ရသည်။ ထို့ကြောင့် မလုံမလဲဖြင့် သဒ္ဓါလေးထိုင်နေရာသို့ လှမ်းကာကြည့်မိလေ၏။ အပြင်ဘက်သို့ ခပ်တွေတွေလေးထိုင်ငေးနေသော သမီးဖြစ်သူကြောင့် ခက်သျှားရင်ထဲ မွန်းကျပ်လာရပြန်သည်။ သို့သော် အပူရုပ်ကိုဟန်လုပ်ပြုံးရင်းမှ သဒ္ဓါလေးထိုင်နေရာသို့ လှမ်းသွားလိုက်ပြီး

"ဖေ့သမီးလေးက အစောကြီးကတည်းက နိုးနေပါလား၊ လိမ်မာလိုက်တာ"

A Story of 2000sTahanan ng mga kuwento. Tumuklas ngayon