Part 41 (Uni)

701 102 96
                                    

"တွေ့ခဲ့လား သားလေးရတု၊ ကြီးစောရုံ ရှာခိုင်းတဲ့ဟာ တွေခဲ့လား"

အိမ်ထဲသို့ ခြေလှမ်းလိုက်သည်နှင့် ဟန်မဆောင်နိုင်လောက်အောင်ထွက်ကျလာသော မေးခွန်းတစ်ခုက ခရီးဦးကြိုပြုနှင့်သည်။ တကယ်ဆို ပင်ပန်းလာပြီလား ဘာညာ မေးခွန်းထုတ်သင့်သည်မဟုတ်ပါလား။

ဒေါ်စောရုံ၏ ထိုကဲ့သိုသော အမူအရာကြောင့် ရတု၏မျက်နှာက အနည်းငယ်တည်သွားခဲ့လေ၏။ မျက်နှာအမူအရာနှင့် လေယူလေသိမ်းသည် မတွေ့ဖြစ်ကြသည်မှာ သုံးလနီးပါးတွင် အတော်လေးပြောင်းလဲသွားသည်ဟု ခံစားရသည်အထိ ဒေါ်စောရုံကား ပြုံးရွှင်သွက်လက်နေလွန်းခဲ့ပါသည်။

"မတွေ့ခဲ့ဘူး ကြီးစောရုံ"

"ဟင်"

အာမေဋိတ်သံနှင့်အတူ ကွက်ခနဲပျက်သွားသော မျက်နှာပေါ်မှ ခံစားချက်တချို့ကို ရတုဖတ်မိသွားသည်အထိ ဒေါ်စောရုံကား ဟန်မဆောင်နိုင်ခဲ့ပေ။ တဆက်တည်းမှာပင် မေးခွန်းအချို့ထွက်ကျလာခဲ့ပါ၏။

"ဘာဖြစ်လို့လဲ သားလေးရတု၊ ကြီးစောရုံမှာလိုက်သလိုမျိုး မရှာကြည့်ခဲ့ဘူးလား၊ နောက်ပြီး အဲ့ဒီအိမ်ကကောင်လေးနဲ့ရော ရင်းနှီးမှုမရခဲ့ဖူးလား"

ရခဲ့တာပေါ့။ သိပ်ကိုရင်းနှီးခဲ့ကြတာပေါ့။

ရတု၏အဖြေသည် အတွေးထဲတွင်သာဖြစ်ခဲ့ပြီး လက်တွေ့မှာမူ ခေါင်းကိုသာ ယမ်းခါပြခဲ့လေသည်။ ဤသည်ကို ဒေါ်စောရုံတစ်ယောက် လက်သင့်ခံနိုင်ပုံရပေ။ ဆက်လက်၍ စောဒကတက်လာခဲ့ပြန်ပါသည်။

"ဒါပေမဲ့ သားရယ်၊ ရောက်လက်စနဲ့ အဆင်ပြေအောင် ကြိုးစားကြည့်ခဲ့သင့်တယ် မဟုတ်လား ၊ နောက်တစ်ခါ အခွင့်အရေးရဖို့ဆိုတာ လွယ်မှမလွယ်တာ"

"ဘယ်သူ့အတွက် ကျွန်တော်က ကြိုးစားရမှာလဲ ကြီးစောရုံ"

ရတု၏ခပ်ဆတ်ဆတ်မေးခွန်းတွင် ဒေါ်စောရုံ ပါးစပ်ပိတ်သွားခဲ့ပါသည်။ ထို့နောက် လေသံပျော့ပျော့လေးဖြင့်ဆိုလာခဲ့သည်က

"ဟို ကြီးစောရုံက သားလေးရတုအတွက်ကိုပဲပြောတာပါ သားရယ်၊ တစ်မျိုးမထင်ပါနဲ့၊ အဆင်မပြေလာဘူးဆိုတော့လည်း ဘယ်တတ်နိုင်ပါ့မလဲ၊ ဒါပေမဲ့ အဲဒီ ခရေပင်တန်းက ကောင်လေးဆီမှာ သားမေမေရဲ့ပိုင်ဆိုင်မှုတွေက မနည်းရှိနေတာဆိုတော့.."

A Story of 2000sOnde histórias criam vida. Descubra agora