Part 45 (Uni + Zawgyi)

766 95 46
                                    

"တီး တောင်"

တစ်ချိန်က လူခေါ်ခေါင်းလောင်းလေး တွဲလောင်းချိတ်ထားသောနေရာတွင် ယခုတော့ လျှပ်စစ်ဘဲလ်အဖြူရောင်လေးကို အစားထိုးတပ်ဆင်ထားနှင့်ခဲ့ပြီ။ နှစ်ပေါင်းအလီလီကြာမြင့်ခဲ့ပြီဖြစ်၍ ခြံ၏အပြင်အဆင် ၊ ဆေးအရောင်တို့သည် လှလှပပပြောင်းလဲခဲ့ပြီဖြစ်သလို ခြံအမှတ်ကိုရေးဆွဲထားသည့် အနီရောင်ဆေးသားလေးလည်းမရှိတော့ပေ။ ထိုနေရာတွင် ရွှေရောင်ပြိုးပြိုးပြက်ပြက်လက်နေသော နိမ်းဖလိပ်ပြားလေးက နေရာယူလျက်။ ထိုရွှေရောင်ပြားလေးပေါ်မှ The Sun ဟူသော စကားလုံးလေးကိုသာ မမြင်တွေ့မိပါက ဤနေရာသည် တစ်ချိန်က မိမိဝင်ထွက်သွားလာခဲ့သော အိမ်တစ်အိမ်ဖြစ်ခဲ့ကြောင်းကို မည်သို့မျှ အပ်စပ်၍ပင် မရနိုင်လောက်တော့ပေ။

ခြံ၏အပြင်အဆင်သာမက ခြံအတွင်းရှိ အိမ်၏ ပုံသဏ္ဌာန်နှင့် အရောင်ခြယ်သမှုများသည် လုံးလုံးလျားလျားပြောင်းလဲသွားခဲ့သည်။ ထိုမျှသာမက တိုးချဲ့ခဲ့သော ဘေးဘက်ဒီဇိုင်းများနှင့် ဖျက်ချပြုပြင်ဆောက်လုပ်ခဲ့ပုံရသော အိမ်ရှေ့မျက်နှာစာသည် ခေတ်မီဆန်းသစ်နေခဲ့ပြန်၏။ တစ်ချိန်က The Sun ၏ အငွေ့အသက်တို့ကား ဘယ်ဆီဘယ်ဝယ်ရောက်သွားခဲ့ပါပြီလဲ။

"တီး တောင်"

တစ်ခြံလုံးကို ငေးကြည့် မော့ကြည့်နေရင်းမှ လူခေါ်ဘဲလ်ကိုအဆက်မပြတ်ဖိမိနေသော လက်တွေကို ရပ်တန့်မရခဲ့။ မောင်းတင်လာခဲ့သော ဒေါသသည် ပြောင်းလဲသွားသည့် ပတ်ဝန်းကျင်အနေအထားကြောင့် အနည်းငယ်လျော့ကျသွားခဲ့ရလေပြီ။ သို့သော် မာန်တင်းကာ နှိပ်နေမိသည်က အပြစ်မရှိသော လူခေါ်ဘဲလ်ကိုသာ ထပ်ကာထပ်ကာ။

မမြစန်း။
လဲဖယ်ခြင်းမပြုလာခဲ့ရသေးသည် သူနာပြုလုံချည်နှင့်အဖြူရောင်ရင်ဖုံးတို့သည် အသက်အရွယ်ရနေသည့်တိုင် ခန္ဓာကိုယ်ပေါ်တွင် ဝင့်ကြွားစွာရှိနေပေသေးသည်။ အနက်ရောင် ဆေးလွယ်အိတ်လေးကို လွယ်ထားသည့်ပုံကလည်း ယခုအချိန်အထိ မိမိကိုယ်မိမိ ယုံကြည်ချက်အပြည့်အဝရှိနေသော ဆေးဝန်ထမ်းတစ်ဦးနှယ်။ သို့သော် မျက်နှာထက် ဖြတ်ပြေးနေခဲ့သော မာနရိပ်ကလေးနှင့်သားဇောဟူသော ခပ်သေးသေးမီးတောက်ကလေးက တစ်စုံတစ်ရာသော ပြဿနာကိုဖြေရှင်းရန် အဆင်သင့်ဖြစ်နေခဲ့ဟန်တူပါသည်။ အဆက်မပြတ်ထွက်ပေါ်နေသော လူခေါ်ဘဲလ်သံလေးက သက်သေပင်။

A Story of 2000sTempat cerita menjadi hidup. Temukan sekarang