''နာမည် အပြည်အစုံက မောင်မောင်ခက်သျှားတဲ့၊ နေတာကတော့ ခရေပင်တန်းရပ်ကွက်မှာပဲ၊ တစ်ယောက်တည်းသမား၊ မိသားစုတွေ ဘာတွေတော့ မရှိဘူး၊ ကားစပယ်ယာအလုပ်တစ်ခုထဲကိုပဲ လုပ်လာတာ နှစ်အတော်လေးကြာပြီလို့ပြောတယ်၊ ရပ်ကွက်ထဲမှာတော့ နာမည်ကြီးတယ် ပေါင်းရသင်းရလည်း ခက်တဲ့ပုံပါပဲ''
အသေးစိတ်မဟုတ်လျှင်တောင် ပြည့်ပြည့်စုံစုံတင်ပြလာသည့် အချက်အလက်များကြောင့် စိတ်ထဲကျေနပ်သလိုဖြစ်သွားသော်လည်း ကြားသိရသည့် အကြောင်းအရာများကိုတော့ သိပ်ပြီးသဘောမကျ။
''ဒါပဲလား ကိုရတု၊ နောက်ထပ် ကျွန်တော် ဘာဆက်ပြီးစုံစမ်းပေးရဦးမလဲ''
လက်နှစ်ဖက်ကို နောက်ပစ်ကာ ရတု၏ရှေ့တွင် ရိုကျိုးစွာရပ်၍ ဆိုလိုက်သူက The Sun Company တွင် ရတု အားအကိုးရဆုံး PA(Personal Assistant) ကိုသော်တာ။ ဦးနေပိုင်ကိုယ်တိုင် ရတု၏ဘေးတွင် စိတ်ချလက်ချထားပေးခဲ့သော ကိုသော်တာသည် ရတုမှလွဲ၍ အခြားသူများကို လူမထင်သည့် သစ္စာရှိဝန်ထမ်းတစ်ယောက်ဆိုလျှင်လည်း မမှားပေ။
''အခုလောလောဆယ်တော့ ဒီလောက်ဆို ရပြီ ကိုသော်တာ''
''ဟုတ်ကဲ့''
''ဪ ဒါနဲ့ နောက်တစ်ခုတော့ ကိုသော်တာ့ကို အကူအညီတောင်းချင်သေးတယ်''
''ဘာများလဲ ကိုရတု၊ ကျွန်တော်ဘာလုပ်ပေးရမလဲ''
ဘာပဲခိုင်းခိုင်း အသင့်ရှိနေသည် ကိုသော်တာ၏ အသံက တက်ကြွစွာ။ ရတုကတော့ အကူအညီတောင်းရကောင်းနိုးနိုး မတောင်းရကောင်းနိုးနိုးနှင့် နားထင်ကို ကုတ်လိုက်၊ နားကိုပွတ်လိုက်နှင့် ခဏမျှ နှုတ်ဆိတ်သွား၏။ နောက်မှ အသံထွက်လာသည်။
''အခုလက်ရှိ ရန်ကုန်မြို့မှာ ပြေးဆွဲနေတဲ့ ယာဥ်လမ်းကြောင်းတွေက အခြေအနေဘယ်လိုရှိနေလဲ ကိုသော်တာ သိလား''
''ခင်ဗျာ''
ရုတ်တရုက် မေးလိုက်သော ရတု၏ မဆီမဆိုင် မေးခွန်းကြောင့် ကိုသော်တာက ကြောင်နနဖြစ်သွား၏။
''ဟို...ဟိုလေ ကျွန်တော်သိချင်တာက သူတို့လည်ပတ်နေကြတဲ့ စီးပွားရေး အခြေအနေကိုပြောတာပါ''
KAMU SEDANG MEMBACA
A Story of 2000s
Romansa၂၀၀၀ခုနှစ်ရဲ့ နေ့ရက်များဆီမှာလည်း ပုံပြင်တချို့ရှိခဲ့ဖူးပါတယ်။