Part 7 (Uni)

936 143 20
                                    

''ကျုပ် တောင်းပန်ပါတယ်''

''မလိုပါဘူး၊ မင်းဒေါသကို ထိန်းနိုင်ရင်ပဲ တော်လှပြီ၊ တစ်ခုခုဆို စိတ်လိုက်မာန်ပါ မလုပ်စမ်းပါနဲ့လား ခက်သျှားရ၊ တစ်ခုခုဆို မင်းရဲ့ဒေါသက အရှေ့ကကြီးပဲ''

ငဇော်က အိမ်အလယ်တိုင်နားတွင် ခြေပစ်လက်ပစ်ထိုင်ချလိုက်ရင်း ခက်သျှားကို ထပ်မံဖြောင်းဖျစကားဆို၏။ ပြီးနောက် ထူအမ်းယောင်ကိုင်းနေသည့် ကိုယ့်မျက်နှာကိုယ် ပုဆိုးစကို အာငွေ့ပေးကာ ကျပ်ပူထိုးနေလေတော့သည်။

ခက်သျှားကတော့ မျက်နှာခပ်တည်တည်ဖြင့် အိမ်နံရံကိုမှီကာ လက်ကိုပိုက်ထား၏။

ဒါလား တောင်းပန်စကားဆိုသူ၏ အမူအရာ။ အဆင်ပြေလား ဘာလား တစ်ခွန်းမှမေးမြန်းခြင်းမရှိသလို စိတ်ဝင်စားသည့်ပုံလည်းမပေါ်ပေ။

''မင်းနဲ့ငါ ရန်ဖြစ်ကြတယ်ဆိုတဲ့ သတင်းကိုကြားကြည့် ရပ်ကွက်ထဲ ဘယ်လို​မြင်ကြမလဲ မင်းသိလား''

''အဲ့ဒါတွေ ကျုပ်မသိချင်ပါဘူး၊ ခင်ဗျားသာ အာမချောင်ခဲ့ရင် ကျုပ်လည်း ခင်ဗျားကို ထိုးမိမှာမဟုတ်ဘူး''

ခက်သျှားထံမှ ထွက်လာသော လေသံသည် ယခုအချိန်အထိ မာဆတ်ဆတ်ဖြစ်နေဆဲပင်။ နေရင်းထိုင်းရင်း အလုပ်နားခံရသည့် ကိစ္စနှင့် ပတ်သတ်၍လည်း အခုထိ အစာကြေသေးပုံမပေါ်။ ထို့အပြင် လူမသိစေချင်သောအရာတစ်ခုကို လမ်းလယ်ခေါင်တွင် အော်ကြီးဟစ်ကျယ်ပြောလိုက်သော ငဇော်ကြောင့်လည်း ပါသည်။

''အာမချောင်လို့မရဘူးကွ၊ မင်းကို တားနိုင်တဲ့ နည်းလမ်းက အဲ့ဒီတစ်ခုပဲရှိတာကိုး၊ အသုံးချမိသလို ဖြစ်သွားတာကိုတော့ ငါလည်းတောင်းပန်ပါတယ်၊ နောက်ဘယ်တော့မှ အဲ့ဒီစကားကို ထပ်မပြောတော့ဘူး စိတ်ချ''

ငဇော်က နာကျင်နေသည့် ပါးပြင်ကို ပွတ်ကာပွတ်ကာဖြင့် ကတိအထပ်ထပ်ပေးလာတော့ ခက်သျှားသည် စိတ်ကိုလျှော့ချလိုက်သည့်ပုံပင်။

''အဲ့ဒီနေ့က ခင်ဗျားနဲ့ကျုပ် တိုက်တိုက်ဆိုင်ဆိုင် မတွေ့ခဲ့ဖြစ်ရင်လည်းကောင်းသား''

သက်ပြင်းတချက်ကို လေးပင်စွာချ၍ စကားတချို့ကို တစ်ယောက်တည်း တီးတိုးရေရွတ်ရင်းနှင့်ပင် နေရာတွင် စိတ်ပျက်လက်ပျက်ထိုင်ချလိုက်လေ၏။

A Story of 2000sDonde viven las historias. Descúbrelo ahora