ယနေ့ ခရေပင်တန်း၏ အခါသမယသည် ကောင်းကင်တစ်ခုလုံး တိမ်စိုင်တိမ်လိပ်အမျိုးမျိုးဖြင့် တောက်ပလျက်ရှိနေပြီး ခပ်နွေးနွေး နေရောင်ခြည်များအား ကမ္ဘာမြေတစ်ခွင် ဖြန့်ကျက်နေရာယူထားကြသည်မှာ မကြာမီတွင် နှုတ်ဆက်ရတော့မည့် နွေရာသီကိုများ ကြိုတင်လွမ်းဆွတ်နေကြသည့်နှယ်။
ရပ်ကွက်အတွင်း ဟိုဟိုဒီဒီ ဥဒဟိုသွားလာနေကြသော ရပ်ကွက်သူရပ်ကွက်သားများကတော့ အစဉ်အလာမပြတ် စည်ကားရှုပ်ထွေးနေသည်မှာ မနက်လင်းစ အာရုဏ်တက်ချိန်ကတည်းကပင်ဖြစ်ပြီး ကြော်လှော်ချက်ပြုတ်ရောင်းချနေကြသော စျေးဆိုင်တန်းများကလည်း ခရေပင်တန်းရှိ လမ်းအလိုက်တိုင်းတွင် သူ့နေရာနှင့်သူ။
ဒေါ်ငွေလှိုင်၏အကြော်တဲမှ ထွက်ပေါ်လာသော မီးခိုးတလူလူသည် ကောင်းကင်ထက်တွင် မိန့်မိန့်ကြီးတောက်ပနေသော တိမ်စိုင်တိမ်လိပ်များထံသို့ ပြေးတက်သွားသည့်နှယ်ရှိနေပြီး ဆီပူအိုးထဲထည့်လိုက်သည့်အခါတိုင်း တရှဲရှဲမြည်သံနှင့်အတူ ရုန်းကြွလှုပ်ရှားလာသည့် အကြော်လေးများကတော့ သူ့ထက်ငါအလုအယက်ဖြင့် မာနချင်းပြိုင်လျက်။
ခရေပင်တန်း၏အကြောင်းကို စာဖွဲ့သီရပါလျှင် မပါမဖြစ် ထည့်သွင်းပြောဆိုရသည်ကတော့ ဒေါ်ညို၏ မုန့်ဟင်းခါးဆိုင်ပင်။ ဒီကနေ့မှာလည်း အချိန်တစ်ဆယ် မုန့်ဟင်းရည်အိုးကြီးသည် စောစောစီးစီးအိုးစောင်းလျက်ရှိနေပြန်ပါသည်။ စားသုံးသူများ၏ ဟင်းရည်အပိုတောင်းသံ၊ လိုက်ပွဲပေးရန်မှာကြားသံများနှင့် ပါဆယ်ထုတ်သူများ၏ အလုအယက်အော်သံလေးများကလည်း ဆိုင်အတွင်း စီစီညံညံထွက်ပေါ်နေပြန်ပါ၏။
ထောပတ်ဘိန်းမုန့်နှင့်တကွ ရွှေကြည်၊ ရွှေထမင်း အစရှိသော မြန်မာမုန့်လေးငါးမျိုးလောက်ကို သန့်သန့်ရှင်းရှင်းဖြင့်ရောင်းချနေသူကတော့ မကြာသေးခင် ရက်ပိုင်းကမှ အသစ်လာရောက်ဖွင့်လှစ်ထားသူကတော့ မအေးဘုံ၏ယောင်းမဖြစ်သူ မသန်းပင်ဖြစ်သည်။
ခရေပင်တန်းတစ်တန်းလုံး ညည်းတို့အမျိုးတွေကြီးပဲ ဟု တစ်စုံတစ်ယောက်ကများ ပြောလာခဲ့ရင် "မုန့်ဟင်းခါးဆိုင်ရှေ့ မုန့်ဟင်းခါးဆိုင်ဖွင့်တာမှ မဟုတ်တာတော်ရေ" ဟု ခပ်ပြုံးပြုံးနှင့်ပြန်ပြောတတ်သူကတော့ မအေးဘုံ။ တစ်ယောက်ကိုတစ်ယောက် စောင်းဟယ်ချိတ်ဟယ်မရှိကြသည့်အပြင် အပြန်အလှန်ရိုင်းပင်းကူညီတတ်သည်ကတော့ ခရေပင်တန်း၏စည်းလုံးမှုပြယုဂ်တစ်ခုဟု ဆိုရမလောက်ပင်။
![](https://img.wattpad.com/cover/301235502-288-k505473.jpg)
YOU ARE READING
A Story of 2000s
Romance၂၀၀၀ခုနှစ်ရဲ့ နေ့ရက်များဆီမှာလည်း ပုံပြင်တချို့ရှိခဲ့ဖူးပါတယ်။