''ခက်သျှားရေ ခက်သျှား''
''ခက်သျှားရှိလား ၊ ငါတို့တွေပါ သီဟတို့''
ဆူဆူညံညံအော်ခေါ်သံများနှင့်အတူ ခြံဝိုင်းအတွင်းသို့ ဝင်လာကြပြီဖြစ်သော လူတစ်စုကြောင့် ရေးလက်စ ဒိုင်ယာရီ စာအုပ်ကလေးကို အလျင်အမြန်ပိတ်ကာ အိမ်ရှေ့သို့ပြေးထွက်ရသည်။
မိမိနာမည်ကိုခေါ်သည်မဟုတ်သော်လည်း တစ်အိမ်တည်းနေသူ၏နာမည်ကြောင့် ပြေးထွက်ကြည့်ရခြင်းဖြစ်ပြီး မနက်ခင်းကတည်းက ထွက်သွားသည့် အိမ်ရှင်ဖြစ်သူကတော့ ယခုထက်တိုင်။ အိမ်ပြန်မရောက်သေးပေ။
စကားများကို တွတ်တိုးကာ အိမ်ပေါ်အထိတက်လာကြပြီဖြစ်သော သူများကလည်း ဝင်နေကျထွက်နေကျသူများဖြစ်ပုံရ၏။ ဖိနပ်ချွတ်၌ပင် ဖိနပ်ချွတ်နေကြလေပြီ။
သိပ်မရင်းနှီးကြသော်လည်း မျက်မှန်းတန်းနေသည့် တစ်ရပ်ကွက်တည်းသားချင်းတွေဖြစ်၍ တော်သေးသည်။ သို့မဟုတ်ပါက ဘယ်လိုပင်လုပ်ရမည်မသိ။
''ဟေ့ ညီလေး၊ ဟိုကောင်ရော ခေါ်နေတာလည်း မထူးဘူး''
ထိုလူအုပ်ထဲမှ သီဟဟုအမည်ရသူက မေးလာ၏။
ကိုသီဟသည် အိမ်ရှေ့တွင် အမြဲလိုလိုသီချင်းလာဆိုတတ်သူမို့ သိနေသည်မှာကြာပြီဖြစ်၏။ ထို့ကြောင့် တလေးတစားနှင့်ပင်''အစ်ကိုခက်သျှားက မနက်ကတည်းက အိမ်ကနေထွက်သွားတာ အခုပြန်မလာသေးဘူး ကိုသီဟ၊ ကျွန်တော့်ကိုလည်း ဘယ်သွားမယ် မပြောသွားဘူးဗျ''
''ဟုတ်လား၊ ဒီကောင်က အဲ့လိုပဲ တစ်ခါတစ်ခါက ပျောက်ပျောက်သွားတတ်တယ်၊ ဒါနဲ့ ညီလေးမျက်နှာက ဒဏ်ရာတွေက များလှချည်လား၊ နေရတာရော အဆင်ပြေရဲ့လား''
မြင်သူတိုင်းက စိတ်မကောင်းဖြစ်ကြရသည့်အထိ ဆိုးရွားနေသော ဒဏ်ရာများကို မိမိကိုယ်တိုင်က မှန်ပင်မကြည့်ချင်တော့သည်အထိ။
''ဟုတ်ကဲ့ ပြေပါတယ် ကိုသီဟ၊ ဒါနဲ့ အစ်ကိုတို့တွေက အရေးကြီးကိစ္စရှိလို့လား၊ ပြောချင်တာရှိရင် ကျွန်တော့်ကို မှာထားခဲ့လိုက်လေ၊ အစ်ကိုခက်သျှားပြန်လာတဲ့အခါကျရင် ပြန်ပြောပြလိုက်မယ်''
BINABASA MO ANG
A Story of 2000s
Romance၂၀၀၀ခုနှစ်ရဲ့ နေ့ရက်များဆီမှာလည်း ပုံပြင်တချို့ရှိခဲ့ဖူးပါတယ်။