လှုပ်စိလှုပ်စိဖြစ်လာသော မျက်ခွံမို့မို့လေးများကြောင့် ခက်သျှားရင်ထဲ ဒိန်းခနဲဆောင့်တက်သွားသည်။ ထို့နောက် ချက်ချင်းပင် အခြားတစ်ဖက်သို့ မျက်နှာကို လွဲကာ မျက်လုံးကို အလျင်စလို မှိတ်ပစ်လိုက်ရပါ၏။
လွတ်လွတ်လပ်လပ် တစိမ့်စိမ့် ငေးကြည့်မိတုန်းက ထိုမျှလောက် ရင်မခုန်မိမည်မထင်။ နိုးလာပြီဟူသော အသိကြောင့် ရင်ဘတ်တစ်ခွင်လုံးသည် ပြောင်းဆန်လျှက်ရှိနေပြန်သည်။
"ဟင် နေတောင်အတော်မြင့်နေပြီလား"
ခပ်တိုးတိုးရေရွတ်သံနှင့်အတူ အိပ်ရာမှ လူးလဲထလာသူသည် ယမန့်နေညက မည်သို့ဘယ်ပုံ အိပ်ပျော်နေခဲ့ဟန်ကို စိတ်မဝင်စားအား၊ ကားထွက်နောက်ကျရေးကိုသာ စိတ်ပူနေဟန်တူသည်။
ထို့နောက် အခန်းတွင်းမှ ဖုတ်ဖတ်ခါ ထွက်သွားလိုက်သည်မှာ နံဘေးတွင် လှဲလျောင်းအိပ်စက်နေသော တစ်နည်းအားဖြင့် အိပ်ချင်ယောင်ဆောင်နေသော ခက်သျှားကို ယောင်လို့ပင် လှည့်မကြည့်ခဲ့ပါ။ခက်သျှားသည်လည်း ဆက်လက်အိပ်နေရမည်လော ၊ အခုမှနိုးသည့်ဟန်ဖြင့် ထလိုက်သွားရမည်လော ဝေခွဲမရဖြစ်ကာ အိပ်မပျော်တော့သည့် မျက်လုံးအစုံကိုမှိတ်လျက် ချီတုံချတုံ ဖြစ်၍ကျန်နေပါတော့သည်။
ဤသို့ဖြင့်...
အခန်းအပြင်ဘက်ရှိ မောင်မောင်ခက်သျှားပိုင်ဆိုင်သည့် အိမ်ရှေ့ဧည့်ခန်းတွင်တော့
ခြေချစရာပင်မရှိအောင် ပွစာကျဲနေသော အမှိုက်သရိုက်များက ကြိုဆိုလျက်။ထိုမြင်ကွင်းကြောင့် ရတု၏ မျက်လုံးများ ပြူးကျယ်သွားရကာ မျက်နှာမသစ်အားတော့ဘဲ အိမ်ရှေ့တံခါးမနောက်က တံမြက်စည်းနှင့်ဂေါ်ပြားကို အပြေးသွားယူလိုက်မိသည်အထိပင်။
ကားထွက်ရန် စီနီယာ အလှည့်ကျော်နေလောက်ပြီဟု စိတ်ထဲ၌ သိနေသော်လည်း မည်သို့မျှ မတတ်နိုင်။ ကိုယ်နှင့်အနီးဆုံးတွင်ရှိနေသည့်အရာက ပိုအရေးကြီးသည်ကတစ်ကြောင်း၊ အိပ်ရာနိုး၍ထလာမည့် အခန်းတွင်းမှလူ၏ ဒေါသသံတွေကို မကြားနိုင်သည်က တစ်ကြောင်းမို့ ခပ်သွက်သွက်ကလေး သန့်ရှင်းရေး လုပ်ရန် ပြင်ဆင်လိုက်ရပါတော့၏။
VOUS LISEZ
A Story of 2000s
Roman d'amour၂၀၀၀ခုနှစ်ရဲ့ နေ့ရက်များဆီမှာလည်း ပုံပြင်တချို့ရှိခဲ့ဖူးပါတယ်။