အခန်း-(၆)

36.9K 3K 199
                                    

( Recommended song - Chasing pavements by Adele )

••••

ထွန်းစသည် မှန်ရှေ့တွင် ရပ်လျက် ဂရေ့စ် ပက်ထရစ်ရှန်ကျောင်းတော်၏ ကျောင်းသားတစ်ဦးအဖြစ် သူ့ကိုယ်သူ မြင်ကြည့်မိသည်။ ဖြူအိသော ရှပ်လက်တိုကို သူ့ကိုယ်မှာ ဝတ်ထားသည်။ ရှပ်၏ လည်ပင်းတွင်တော့ အဝါနုရောင် နက်ကတိုင်ကို ချည်ထား၏။

အပေါ်မှ ကျောင်းတံဆိပ်ပါသည့် ဗက်စ်ကို ဝတ်ရန် ကျန်ရှိသေးသဖြင့် အဝတ်ဗီဒိုဆီသို့ သူ လှမ်းရသည်။ ဗီဒိုကို ဆွဲဖွင့်၍ ဗက်စ် ရှာနေသော သူ၏ အကြည့်မှာ အောက်ခြေရှိ သစ်သားသေတ္တာလေးသို့ ရောက်သွား၏။ ဖေဖေ၏ အမွေဖြစ်သော ထိုသေတ္တာကို သူ ဖွင့်ပြီးခဲ့ပါသတည်း။ ထိုစဉ်က သေတ္တာထဲတွင် စာတစ်စောင်ကို အလျင် တွေ့ခဲ့သည်။ ထိုစာ၏ အောက်မှာက အဝတ်စဖြင့် ထုပ်ထားသော ဘာမှန်းမသိသည့် အထုပ်ငယ်တစ်ထုပ်ရှိသည်။

စာထဲရှိ အကြောင်းအရာမှာ သူ့တွင် အုပ်ထိန်းသူမရှိတော့သည့်အခါမှ ထိုအထုပ်ကို ဖြည်ရန် မှာကြားထားခြင်း တစ်ခုသာဖြစ်သည်။ တိကျသပ်ရပ်သော ဖေဖေ့လက်ရေးများကြောင့် ထိုစဉ်က စာအတိုင်း သူ လိုက်နာခဲ့မိသည်။

ယခုတော့ အဖေဦးမိုးငြိမ်မရှိတော့သည်။ သူ့အတွက် ထိုအထုပ်ကို ဖြည်ကြည့်ရန် အချိန်ကား ရောက်ခဲ့ပြီ။

ထွန်းစသည် စိတ်လှုပ်ရှားစွာဖြင့် လက်နှစ်ဖက်အပြည့်ရှိသော အထုပ်ကို မကြည့်သည်။ လေးလေးပင်ပင်တော့ ရှိ၏။

ဤသို့ဖြင့် အထုပ်မှ ထုံးချည်ထားသော ကြိုးကို ဖြည်ချရန် လက်လှမ်းလိုက်သည်။

ဝုန်း ... ဒုန်း ဒုန်း

ထွန်းစသည် ထိတ်လန့်မှုဖြင့် လက်ထဲမှ အထုပ်ကို လွှတ်ချလိုက်မိသည်။ သူ အသိဝင်ချိန်၌ တံခါးဆီမှ ကျယ်လောင်သော အသံမှာ ငြိမ်နေပေပြီ။ တစ်ယောက်ယောက် သူ့ကို တံခါးလာခေါက်သည်မဟုတ်လား။ တံခါးခေါက်သည်ဆိုလျှင်ရော အရာဝတ္ထုတစ်ခုခု ပြင်းထန်စွာ ဝင်တိုက်မိသည့် အသံက ဘယ်က ထွက်သနည်း။

ငြိမ်သက်နေသော တံခါးကို သူ စူးရဲစွာ စိုက်ကြည့်လိုက်သည်။ ထို့နောက် သေတ္တာကို နေရာတကျ ပြန်သိမ်းပြီး တံခါးနားကပ်ကာ လက်ကိုင်ဘုကို လှည့်၍ ဆွဲဖွင့်လိုက်သည်။

Maiden SA ( Complete )Kde žijí příběhy. Začni objevovat