( Recommended song - Believers by Imagine Dragons )
••••
ရှိန်းရှိန်းပူသော နေမင်းအောက်ရှိ ကွင်းပြင်၏ အလယ်တွင် တပ်သားများက စီညီစွာ နေရာယူ၍ သွေးပူလေ့ကျင့်ခန်း လုပ်နေကြသည်။
ခြေနှစ်ဖက်ကို ကား၍ လက်ဖဝါးများကို မြှောက်ကာ ရိုက်လျက် စက္ကန့်သုံးဆယ်စလုပ်သည်။ ပူအိုက်လာမည်ဖြစ်၍ စွပ်ကျယ်တစ်ထည်ကိုသာ စွပ်ထားသော ထွန်းစ၏ လက်မောင်းများက ကျစ်လစ်ပြည့်တင်းနေသည်။ ရောက်စက ဝါတာတာ ရှိသော အသားအရည်သည်ပင် အနည်းငယ် ညိုလာလေ၏။
ထို့နောက် မြေကြီးပေါ် ဝပ်ချ၍ ခြေဖျားထောက်ကာ ဒိုက်ထိုးကြရသည်။ ပြီးလျှင် အိပ်ထမတင်၊ မတ်မတ်ရပ်၍ ပြန်ဝပ်ကာ ဒူးကွေးလျက် ကိုယ်ကို နှိမ့်ရင်း မြေပြင်နှင့် တစ်ညီတည်း ဖြောင့်ထားရသည့် လေ့ကျင့်မှုမျိုး အဖန်တလဲလဲ ဆက်လုပ်ကြသည်။ လက်နှစ်ဖက်ကို ဆန့်တန်း၍ မြေကြီးအထက်သို့ အနည်းငယ်လွတ်အောင် ဖင်ထိုင်သော အကွက်မျိုးဆိုလျှင် ခြေသလုံးသားများ ကျင်နေအောင် နာသည်။
တစ်နေကုန် လေ့ကျင့် သင်ယူအပြီးတွင် မနက်စာစားဖို့ အချိန်ရောက်၏။ မီးဖိုဆောင်ထဲတွင် ထမင်းချက်သည့် ရဲဘော်က မျှစ်စို့များကို ခုတ်ထစ်နေသည်။ ယင်းမျှစ်တို့မှာ ထွန်းစနှင့် ဝင်းထက်တို့ နှစ်ယောက် တောထဲသို့ သွားစဉ်က အားကြိုးမာန်တက် ချိုးခဲ့သည့် မျှစ်များ ဖြစ်သည်။
မိမိတို့၏ လုပ်အားဖြင့် ဟင်းတစ်ခွက်ဖြစ်မြောက်သွားသည့်အတွက် ထွန်းစ ဝမ်းသာစွာ ပြုံးမိသည်။ ငါးပိရည်နှင့် စားရန် အတို့အမြှုပ်အဖြစ် ရရုံမကဘဲ မျှစ်ဟင်းရည်ပူပူလေးပါ ချက်နိုင်သဖြင့် ရဲဘော်များ ထမင်းစားမြိန်ပါလိမ့်မည်။
ဖေဖေနှင့် ရှိစဉ်ကတောင်မှ ဤမျှလောက် ကြမ်းတမ်းသော နေထိုင်မှုကို ထွန်းစ မရခဲ့ဖူးပါ။ ယခုတော့ ရလေပြီ။ မိမိ၏ ဆုံးဖြတ်ချက်နှင့် မိမိကိုယ်တိုင် ရွေးချယ်ခဲ့သော ဘဝမှာ ရင်ဆိုင်ရလေပြီ။ ဤအတွက် ထွန်းစ ကျေနပ်မိသည်။ မည်မျှပင် ခက်ခဲ ကြမ်းတမ်းပါစေ၊ ထွန်းစ ကျေနပ်နိုင်သည်။ ဤချွေးနှင့် ဤသွေးဟာ အောင်ပွဲတစ်ခု ရေးခြစ်နိုင်ရန်အတွက် ဖြည့်စွမ်းပေးသော မှင်သတ္တိများပင် ဖြစ်ချေတကား အမျိုးကို ချစ်သည့်သူတိုင်း အမျိုး၏ အောင်နိုင်မှုအတွက် တိုက်ခိုက်ရပေမည်။
BINABASA MO ANG
Maiden SA ( Complete )
Romanceဝတ္ထုပါ အကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးသက်သက်သာ ဖြစ်ပြီး မည်သည့်လူပုဂ္ဂိုလ် ၊ မည်သည့်အဖွဲ့အစည်းကိုမှ ပုတ်ခတ် စော်ကားလိုခြင်းမရှိပါ။