အခန်း-(၃၅)

20.3K 1.8K 38
                                    

( Warning to those who don't feel comfortable reading the chapter about killing by cutting off the head!!

Recommended song - Enemy by Imagine Dragons × J.I.D )

••••

ထွန်းစတို့ တာဝန်ကျရာ သဖန်းတောက်ရွာတွင် ဖြစ်သည်။

ထွန်းစသည် လယ်သမားများကို ကူညီ၍ စပါးပင်များကို ထိုးစိုက်ပေးနေသည်။ ပုဆိုးကို ခါးတောင်းကျိုက်ထားသဖြင့် ညိုမောင်းကျစ်လစ်သော ပေါင်တံနှင့် ခြေသလုံးတင်းတင်းများက နေသူရိန်အောက်မှာ မားမတ်နေသည်။

လယ်ကွင်း၏ ကန်စပ်မှ လယ်သူမလေးများက ရဲဘော်ထွန်းစကို မခို့တရို့ကြာပစ်နေသည်။ ထွန်းစက ခပ်တန့်တန့်သာ ပြုံးပြ၍ စပါးတစ်ဆုပ်ကို ရွံ့နွံမြေထဲသို့ ထိုးစိုက်လိုက်သည်။

ခဏအနားရသည့် အချိန်တွင် ထွန်းစသည် လယ်စပ်တွင် ဆောင့်ကြောင့်ထိုင်၍ မြေပေါက်နေသော ရဲဘော်ဝင်းထက်ကို စောင့်ဆိုင်းနေသည်။ ဝင်းထက်တို့ မြေပေါက်သည့် ဘေးရှိ ပန်းခင်းတွင် ဆယ်ကျော်သက်အရွယ် ကာလသားနှင့် ရွာသူ နှစ်ဦးကို တွေ့ရသည်။ ကောင်မလေးက ပန်းခူး၍ သူမ၏ ကျောထက်ရှိ ခြင်းတောင်းထဲသို့ လှမ်းလှမ်းထည့်သည်။ ကောင်ကလေးကလည်း သူ လက်လှမ်းမီသမျှ ပန်းတို့ကို ခူးကာ ကောင်မလေး၏ ခြင်းထဲသို့ ဖြည့်ပေးနေ၏။

ထွန်းစ၏ နှုတ်ခမ်းများမှာ ကြည်နူးမှုဖြင့် ပြုံးရိပ်သန်းသွားသည်။ ဆယ်ကျော်သက်အရွယ်မှာ ပေါက်ဖွားရသည့် အချစ်တစ်စုံဟာ မည်မျှ လှပလိုက်သနည်း။ မိမိနှင့် ထိန်တို့ စတင် ချစ်စဉ်မှာလည်း ဤကဲ့သို့ လှလှပပ ကြွကြွရွရွကလေးပင်။ ထိုရွာသူရွာသားနှစ်ဦးနှင့် ဆယ်ကျော်သက်အချစ်ချင်း တူပေသော်လည်း မိမိတို့က ဝေးရသည်။ ဝေးရပြန်သည်။

အချိန်ကာလ မည်မျှကြာအောင် ဝေးရအုံးမည်မသိ။ တော်လှန်ရေးတစ်ခုကြောင့် မိမိတို့၏ အချစ်နှင့် ငယ်ရွယ်မှုများမှာ မရည်ရွယ်ဘဲ ဆုံးရှုံးနေရသည်။

ထွန်းစသည် ရုတ်တရက်ဆိုသလိုပင် အထက် ကောင်းကင်ယံဆီမှ ငှက်မဲအုပ်များ ပျံသွားသည်ကို တွေ့လိုက်မိသည်။ လျှင်မြန်ဖျတ်လတ်သော အသိစိတ်နှင့် ရုတ်ချည်း မတ်တပ်ထရပ်လိုက်၏။

Maiden SA ( Complete )Where stories live. Discover now