အခန်း-(၁)

143K 6K 255
                                    

( Recommended song - Dandelions by Ruth B.)

•••••

"မန္တလာ ဂီတ .. အလွမ်းရဲ့ မြို့မ .. ရင်မှာ ချိုကြည်မြ .. ကမ္ဘာကိုဝေမျှ တေးသွားသူ့အလှ ကျွန်တော်ဟာ တကယ်မေ့မရ .. မြို့မငြိမ်း ... မြို့မ .. ငြိမ်း"

နွေခေါင်ခေါင်၏ ပူလောင်လောင်အချိန်တွင် လက်ပံပွင့်များက ကျိန်းကျိန်းနီနေကြသည်။ ထိုအပူများကို တစ်ဝက်မက သက်သာစေရန် မြို့မငြိမ်း၏ သံချိုအေးဖြင့် သူ ငိုင်နေမိသည်။

သူ့ မျက်နှာသည် ဝေ့ခနဲ ရိုက်လာသော လေပြင်း၏ ပူလောင်မှူကို တမြေ့မြေ့ ခံစားနေရ၏။

ဤကဲ့သို့ မသက်သာသော အချိန်တွင် သူ မျှော်နေသော လူပေါ်လာပါက မည်မျှ ကောင်းလိုက်မည်နည်း။ သူ မျှော်နေသော လူကို သူ မမြင်ဖူးသည်မှာ ရယ်ဖွယ်ကောင်းပါ၏။ လက်တစ်ဆစ်အရွယ် လက်သီးဆုပ်ကလေး ၊ ခြေဖဝါးကလေးများကို ရင်ထဲ၌သာ မှန်းဆခဲ့ဖူးသည်။

ရိုချယ်ပွင့်ထိန် .. ။

လှပသော နာမည်ကလေးကို သူ့ နှုတ်မှ တိုးတိုး ရေရွတ်မိသည်။ တစ်ဦးတည်းသော ညီမငယ်ကို ရိုချယ်ဟု သူခေါ်မည်။ ရိုချယ်သည် သူတို့ အိမ်တော်၏ ရွှေမင်းသမီးလေး အတိအကျ ဖြစ်လိမ့်မည်။

"ရိုနန် .. "

လေးငယ်၏ ခေါ်သံကို ကြားရာ၌ သူ့ ခြေဖဝါးများ တုန်ခါသွားသည်။ ထိုင်နေရာမှ ထပြီး ရေဒီယိုကို ပိတ်ကာ အောက်ထပ်သို့ ဒုန်းစိုင်း ပြေးဆင်းမိသည်။ ဆင်ဝင်တွင် ရပ်နေသော ဒယ်ဒီနှင့် မာမီတို့ကို မြင်သည့်အချိန်တွင် သူ့ရင်မှာ ထိန်းမရအောင် ခုန်နေခဲ့သည်။ ဒယ်ဒီသည် ညိုရင့်နေသော ကုတ်အရှည်ကြီးကို ခန့်ညားစွာ ဝတ်ဆင်ထားပြီး မာမီ့ကိုယ်မှာတော့ ချည်လက်ပြတ် ဖြူဖြူနှင့် ပြာရီလဲ့သော ပိုးထဘီပျော့ပျော့ကို တွေ့ရသည်။ မာမီ့ အနီးသို့ ပြေး၍ သူမ လက်ထဲရှိ အနှီးထုပ်ဖြူဖြူကလေးကို ငုံ့ကြည့်မိလျှင် ..

"ထိန် ဖြေးဖြေးလုပ်လေ .. ညီမလေး လန့်နိုးသွားမယ်"

ထိကိုင်လျှင်ပင် ပဲ့ကြွေမတတ် နူးညံ့သော အသားဖောင်းဖောင်း ပါလေးများကို ထိကိုင်ရန် ပြင်နေသည့် ထိန်တင်သည် မာမီ့စကားကြောင့် မထိရဲ မတို့ရဲ ဖြစ်သွား၏။

Maiden SA ( Complete )Opowieści tętniące życiem. Odkryj je teraz