Recommended song - Wolves by Selena Gomez )
Spoil ခြင်း သည်းခံပါ။
••••
မျက်နှာချင်းဆိုင်မှ ကောင်လေးသည် အနီရောင် အစင်းများ ပါသော လိမ္မော်ရောင်ရှပ်အင်္ကျီနှင့် နီညိုရောင် ပုဆိုးကို ဝတ်ဆင်ထားပြီး ဦးခေါင်းထက်တွင် ပါနားမား ဦးထုပ်ကို ခပ်ငိုက်ငိုက် ဆောင်းထား၏။ ဦးထုပ်လျှာနှင့် ကွယ်အပ်နေသော သူ့ မျက်နှာကိုတော့ ထွန်းစ ကောင်းစွာ မမြင်ရပါ။
ခန္ဓာကိုယ် အချိုးအစားနှင့် အရပ်အမောင်းမှာ ထွန်းစ နည်းတူ တောင့်တောင့်ဖြောင့်ဖြောင့်ပင် ဖြစ်သည်။
ဦးထုပ်လျှာအောက်မှ မြင်နေရသော နှုတ်ခမ်းဆွေးဆွေးမှာလည်း ထွန်းစ နှုတ်ခမ်း၏ တည်ဆောက်ထားပုံနှင့် ထပ်တူကျနေသည်။
ထွန်းစ ငေးကြည့်နေဆဲတွင် စေတန်၏ မျက်နှာမှာ ခပ်ဆတ်ဆတ် မော့လာ၏။ တုန်လှုပ်ဖွယ်ရာ ကောင်းသော ထိုမျက်နှာမှာ ထွန်းစ၏ မျက်ဝန်းများကို ပြူးကျယ်သွားစေသည်။
နှစ်ဦးကြားတွင် မှန်တစ်ချပ် ချထားသကဲ့သို့ မိမိ၏ ပုံတူပွားဖြစ်နေသော စေတန်သည် မျက်ခုံးထူထူ၊ မျက်လုံးမှေးမှေးနှင့် တင်းမာခက်ထန်သော အသွင်ကို ဆောင်သည်။
ထွန်းစ အကြီးအကျယ် အံ့သြနေသည်ကို ကြည့်၍ စေတန်က လှောင်ပြုံးပြုံးသည်။
"ဘာတွေ သည်လောက် ထူးဆန်းနေတာလဲ။ မင်း မြင်ဖူးနေကျ မင်းမျက်နှာလိုပဲလေ"
အသံမှာလည်း မိမိနှင့် ဆင်သည်။ မဟုတ် တူလွန်းသည်။ သို့သော် ထပ်တူကျနေသည်တော့မဟုတ်ပါ။ စေတန်၏ အသံသည် မိမိထက်ပို၍ အနည်းငယ် ဆောင့်ဆောင့်အောင့်အောင့် နိုင်သည်။
"မင်းက .. မင်းက ဘယ်နှယ့်လုပ် သည်လောက် တူနေရတာလဲ"
စေတန်သည် စိတ်ပျက်သွားသည့်ဟန်နှင့် ကျစ်စုတ်သပ်ကာ သူ့ နားရွက်ဖျားကို လက်သည်းနှင့် ကုတ်ခြစ်လိုက်သည်။ ထိုသို့ အသုံးပြုလိုက်သည်မှာ ဘယ်ဘက်လက်နှင့် ဖြစ်၏။
"မင်းက ငါ့အစ်ကို .. ငါက မင်းညီ။ သည်လိုမျိုးတွေ ထုတ်ပြောမှ မင်းသိမှာလား"
"မဖြစ်နိုင်တာ။ ငါက တစ်ဦးတည်းသော သားပဲ"
စေတန်က ဟမ့်ခနဲ ရယ်လိုက်သည်။
YOU ARE READING
Maiden SA ( Complete )
Romanceဝတ္ထုပါ အကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးသက်သက်သာ ဖြစ်ပြီး မည်သည့်လူပုဂ္ဂိုလ် ၊ မည်သည့်အဖွဲ့အစည်းကိုမှ ပုတ်ခတ် စော်ကားလိုခြင်းမရှိပါ။