အခန်း-(၅၉)

21.7K 1.7K 93
                                    

Recommended song - Letter I by Zenith

•••••

"အဖြစ်က မနှစ်ကနဲ့ မတူပါလားကွာ"

ဘိလပ်ဘာသာဖြင့် ရေးထားသော သတင်းစာကို စားပွဲပေါ် ပစ်ချရင်း ရွဲ့တဲ့တဲ့ဆိုတော့ အစ်ကိုဖြစ်သူက မကျေမချမ်း လှည့်ကြည့်လာသည်။

"မင်းကြောင့် ဖြစ်တာမဟုတ်ဘူးလား"

"ဒါဖြင့် ငါမှားတယ်ပေါ့"

ထွန်းစ စေတန့်အား အံ့သြတကြီးသာ ကြည့်လိုက်မိသည်။ မျက်ခုံးတစ်ဘက်ကို ထင်ထင်သာသာ ပင့်၍ မေးလာပုံက မထီတရီဟန် အပြည့်နှင့် သူ့ထက် ခြေလှမ်းကျောနိုင်သော အစွမ်းအစများကို ဖော်ပြထားသည်။ တကယ်တော့လည်း လူသတ်ခြင်းအမှုဟာ တစ်ယောက်နှင့် တစ်ယောက် ယှဉ်ပြိုင်စရာ ကိစ္စမဟုတ်ပါ။

စေတန်ဟာလည်း မှားနေသည်မဟုတ်။ စင်စစ် မှားနေသူက သူပင် ဖြစ်လိမ့်မည်။

စေတန်က သူ့အလုပ်သူ လုပ်၍ သားကောင်းပီသခဲ့သော်လည်း သားမိုက်, သူ့မှာတော့ ရန်သူအိမ်၏ အချစ်တော်ကလေး လုပ်နေသည်။ ထိုပျက်ကွက်မှုနှင့်ပင် စေတန့်အား အားနာစရာကောင်းလွန်းလှသည်။ ထို့ကြောင့် လေးငယ်နှင့် ဦးသစ်အေးအား သတ်ခဲ့သူမှာ စေတန် ဖြစ်ပါသည်ဟု အမှန်တိုင်း ဖွင့်မပြောရက်ပါ။ အမှန်တရားဟူသည်မှာ ဖုံးကွယ်၍ မရကြောင်း မှန်သည်ကား တစ်ခုသော အချိန်၊ တစ်ခုသော နေရာတွင် ထိန်တင် သိသွားပါလိမ့်မည်။ သည်တော့မှ ထိန်တင် သူ့ကို မုန်းချင်လည်း မုန်းပါလိမ့်မည်။

"မင်း အဟုတ် အဆင်ပြေလို့လား"

စေတန်က အပူပေးစက်ထဲမှ ချိစ့်ညှပ်ထားသော ပေါင်မုန့်နှစ်ချပ်ကို ထုတ်ယူလာသည်။

ထွန်းစက အဖြေမပေးဘဲ ဟောင်းနွမ်းနေသော စီဒီချပ်ပြားများကို ငေးကြည့်နေ၏။ စေတန့် အခန်းက နေချင်စဖွယ် မကောင်းလှပါ။ အခန်းထောင့်များတွင် အဝတ်ပိုများ ရှုပ်ပွနေ၍ အိပ်ရာခင်းများကလည်း တွန့်ကြေနေသည်။ တစ်ပတ်မှာ တစ်ခါတော့ သန့်ရှင်းရေး လာသည်ဆို၏။ စေတန်က သူ့ဘဝ၏ သုံးပုံနှစ်ပုံကို တစ်ယောက်တည်း ဖြတ်သန်းလာခဲ့ရသည်ဟု ထွန်းစ ထင်သည်။

Maiden SA ( Complete )Where stories live. Discover now