အခန်း-(၅၆)

19.3K 1.9K 274
                                    

( Recommended song ကတော့ ဂျူဝယ်ဆိုတဲ့ ဖွင့်ဟဝန်ခံချက်ပါ။ ဖြစ်ရပ်မှန်တွေကို မသိသေးခင်က ထိန်တင် Side ပေါ့လေ )

•••••

ညသည် နက်လာသည်နှင့်အမျှ ပိုမို တိတ်ဆိတ်လာသည်။ ဆွေးမှောင်သော ကောင်းကင်ယံ၏ အောက်ရှိ ဖွေးလျသော နှင်းပြင်ကျယ်ကြီးမှာ အေးစိမ့်ခြင်းအသွင်နှင့် မေ့လျော့အိပ်စက်နေသော်လည်း တဖြောက်ဖြောက်ကျနေသော နှင်းလုံး၊ နှင်းခဲများက ကတ္တီပါကော်ဇောပြင်အား တစ်ထပ်ပြီးတစ်ထပ် ဖန်တီးအလှခြယ်နေ၏။

ထွန်းစသည် တံခါးဘုအား တိုးတိတ်ညင်သာစွာ လှည့်ဖွင့်လိုက်သည်။ ရှေးယခင်က တစ်ပါးသူ၏ ကိုယ်ပိုင်အခန်းထဲသို့ ခိုးကြောင်ခိုးဝှက် မဝင်ဖူးသော်လည်း သူ့ အပြုအမူများက ရဲရင့်သေသပ်လှသည်။

ထွန်းစသည် ရေချိုးခန်း၊ အိမ်သာများမကျန်အောင် တစ်ခန်းလုံး အနှံ့ ရှာဖွေ၏။ အတန်ကြာသည်အထိ သူ လိုချင်တာကို မတွေ့သည့်အဆုံးတွင် သူ့ ရှာဖွေမှုက မီးခံသေတ္တာဆီမှာ ကျန်ရစ်သည်။

ထွန်းစသည် ဂဏန်းများနှင့် လှည့်ရသော မီးခံသေတ္တာကို လျှို့ဝှက်စကားမသိ၍ မဖွင့်တတ်။ သူ ရှေ့လျှောက် နောက်လျှောက် စဉ်းစားသည်။

ဖရက်မျိုးသွင်ဟာ သူ့ မီးခံသေတ္တာ၏ လျှို့ဝှက်ကုတ်ကို မည်သည့်အရာပေးနိုင်သနည်း။ သေချာပေါက် သူ့ မွေးနေ့ပဲ ဖြစ်ရမည်။ ထွန်းစက ဖရက်၏ မွေးနေ့ကို သေချာမသိပါ။ အဲ့သည်မှာ အခက်တွေ့သည်။

သူ မြောက်ပိုင်းနယ်ကို မရောက်ခင် တစ်ရက်က ဖရက်၏ မွေးနေ့ပွဲကို ကျင်းပသည်ဟု သိထားဖူးသည်။ ထို့ကြောင့် ရက်ကို မှန်း၍ လှည့်ကြည့်၏။ မှားသည်။ နောက်တစ်ရက်ကို ခန့်မှန်းလျက် ထပ်လှည့်သည်။ မှားပြန်၏။ မီးခံသေတ္တာသည် သုံးကြိမ်မျှသာ လှည့်ခွင့်ရှိသည်။ သည်တစ်ခေါက်မှားလျှင် ဖွင့်ကြည့်ဖို့ မဖြစ်နိုင်တော့။

ထွန်းစသည် ခပ်ကြောင်ကြောင်နှင့် မိမိ၏ မွေးနေ့ကို ထည့်ကြည့်လိုက်၏။

"131123"

အဘယ်ကြောင့် ထိုသို့ ထည့်လိုက်နိုင်သည်မသိ။ အတည်ပြုသည့် ခလုတ်ကို နှိပ်လိုက်ပြီးမှ ထွန်းစ သွေးပျက်သွားသည်။ သွားပြီ။ မိမိ၏ မွေးနေ့နှင့် ဘာမှမဆိုင်။

Maiden SA ( Complete )Donde viven las historias. Descúbrelo ahora