ဝေါ်သီမြို့၏ ပင်မဈေးတွင် ခြေချင်းလိမ်နေကြသော ကုလား၊ ဗမာနှင့် ဘိုတို့ကြောင့် ထွန်းစမှာ ကြပ်ကြပ်တည်းတည်း ဈေးဝယ်နေရသည်။ ယနေ့၏ အဓိကဟင်းအမယ်ဖြစ်သော ဝက်သားလက်ဖက်ဆီပြန်အတွက် ပါဝင်ပစ္စည်းများမှာ သူ့ ဈေးခြင်းတောင်းထဲတွင် စုံလင်စွာ ရှိနေခဲ့သည်။ မီးဖိုခန်းအတွက် ပြီးရာ၌ ဘုရားပန်းထိုးရန် နှင်းဆီပန်းတစ်စည်းကို ဝယ်ရသည်။ ပန်းအတွက် ရပ်စောင့်နေစဉ် ဘေးက ဈေးသည်၏ ဝယ်သူ ခေါ်သော အသံများကို ကြားနေရ၏။
ထိုအမျိုးသမီးရောင်းသော အထည်ဟောင်းများမှာ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် အိန္ဒိယ၊ တရုတ်နှင့် အနောက်နိုင်ငံများမှ လာသော လက်ကျအဝတ်များဖြစ်သည်။ လူကလည်း ကြပ်ကြပ်တိုး စည်ကြသည်။ ပန်းစည်းစောင့်ရင်း သူ့ အထည်ပုံကို ကြည့်မိသော ထွန်းစသည် ထိုခဏ၌ပင် မျက်ဝန်းများ ပြူးကျယ်သွားမိ၏။
မြင်လျှင် မြင်ချင်း လူအုပ်ထဲသို့ တိုးကာ သူ တွေ့လိုက်သော သဲလွန်စကို သည်းကြီးမည်းကြီးကုန်းရှာတော့သည်။ အပြင်မှာ ချန်ထားခဲ့သည့် ခြင်းတောင်းကိုလည်း ဂရုမပြုနိုင်။ ပန်းစည်းကိုလည်း စောင့်မယူနိုင်တော့။ သူ့ လက်များက လျှင်မြန်သွက်လက်စွာ လှုပ်ရှား၍ အသိထဲ စွဲမြဲနေသော ထိုအထည်ကို ပြန်ရှာမိသည်။
ဟိုမွှေ သည်မွှေ လုပ်ကြသည့်အတွက် ရှာတွေ့ရန် အချိန် အတော်ပေးလိုက်ရသည်။ အဲ့သည်နောက် လက်ထဲ ပါလာသော ဂျာကင်အပြာကို ကျစ်ကျစ်ဆုပ်လျက် ရှေ့နောက်လှန်ကြည့်လိုက်သည်။ ထိုအခါ ကျောနောက်မှ တံဆိပ်ကို တွေ့ပြီး ထွန်းစ တစ်ခု သတိပြုမိသွား၏။ ဂျာကင် တစ်ထည်ဟု ထင်ခဲ့သော ဂျာကင်မှာ ရိုးရိုးဂျာကင်မဟုတ်။ ကျောင်းဝတ်စုံပင် ဖြစ်လေသတည်း။
•••
လက်ဖက်နံ့မွှေးသော ဝက်သားတုံးများကို ယောင်းမဖြင့် မွှေရင်း ထွန်းစ ငြိမ်နေမိသည်။ သူ့ ခေါင်းထဲတွင် အတွေးရဟတ်ကြီး ချာချာလည်၍ ရင်မှာတော့ အသံတိတ်ဗုံးတွေ တအုံ့နွေးနွေး ပေါက်ကွဲနေသည်။ နေ့မြင် ညပျောက်သော ဤ ခေတ်ကြီးတွင် လွန်ခဲ့သော နှစ်သုံးဆယ်လောက်က ကျောင်းတစ်ကျောင်းကို သူ မည်သို့ ရှာဖွေရပါ့မည်နည်း။
"ဟေး ဟန်နီ"
YOU ARE READING
Maiden SA ( Complete )
Romanceဝတ္ထုပါ အကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးသက်သက်သာ ဖြစ်ပြီး မည်သည့်လူပုဂ္ဂိုလ် ၊ မည်သည့်အဖွဲ့အစည်းကိုမှ ပုတ်ခတ် စော်ကားလိုခြင်းမရှိပါ။