အခန်း-(၄၅)

20.4K 1.8K 222
                                    

Spoil ခြင်း သည်းခံပါရန်။

Recommended song - Moral of the story by Ashe.

••••

အနိုင်ကျင့်ခံရအပြီးတွင် စမစ်အောင်ထွန်း၏ စိတ်ပိုင်းဆိုင်ရာမှာ တစ်နေ့တစ်ခြား ပို၍ ဆိုးရွားလာခဲ့သည်။ သူသည် ထိုအဖြစ်ကို သတိရမိစဉ်တိုင်း သူ့ကိုယ်ကို ကုတ်ဖဲ့ရိုက်နှက်ကာ ရင်ကွဲလုမတတ် အော်ဟစ် ငိုကြွေးတတ်သည်။ သူ့ ခန္ဓာအား သူ ရွံရှာမိကာ သွေးထွက်သည်အထိ ဖျက်ဆီးဆုတ်ဖြဲတတ်သည်။ ကျူးလွန်သူမှ မည်သို့ ရှိနေပြီ မသိသော်လည်း ခံရသူကတော့ တစ်သက်တာ စိတ်ဒဏ်ရာအဖြစ် အမည်းစက် စွဲကျန်ခဲ့လေသည်။

စမစ်သည် လုပ်သမျှ ပြုသမျှ အလွဲလွဲအချော်ချော်ဖြစ်ကာ အာရုံစိုက်နိုင်စွမ်းကင်းမဲ့၍ မကြာခဏဆိုသလို စိတ်လွတ်သွားတတ်သည်။ မိမိကိုယ်ကို အဆုံးစီရင်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့သည်။ သို့ရာတွင် ဝရံတာထိပ်၌ ရပ်မိစဉ်နှင့် အဆိပ်များကို နှုတ်ခမ်းနားသို့ တေ့မိစဉ်တွင် သား၏ တဝဲဝဲ ငိုသံသည် သူ့အား ဆွဲကာ ချုပ်ထားသော ကြိုးတစ်ချောင်းပမာ အနှောင့်အယှက် ဖြစ်နေခဲ့သည်။

မိမိ၏ သွေးမှ ဖြစ်ခဲ့သော သားလေးသည် အသက်ဆက်ရှင်ရန်အတွက် အကြောင်းပြချက် ဖြစ်နေခဲ့သည်။ သားသည် သူ၏ စိတ်ဒဏ်ရာ တစ်ပုံတစ်ပင်ကြီးကို သယ်ပိုးထားစေမည့် ကျောပိုးအိတ်တစ်လုံး ဖြစ်နေခဲ့သည်။

မိမိစိတ်အား မိမိ တိုက်ခိုက်နေရသော အချိန်ကာလများအနက်မှ တစ်ခုတွင် မိဘနှစ်ပါးသည် စစ်ဒဏ်သင့်၍ ရုတ်တရက် ဆုံးပါးသွားခဲ့၏။ ဖောက်လွဲဖောက်ပြန် အသိများရှိနေသော စမစ်သည် မယုံခဲ့သော စကားအား ယုံချင်လာသည်။ ထွန်းစလေး မွေးလာသည်မှ စ၍ တစ်အိမ်လုံး ဒုက္ခရောက်ခဲ့သည်။ စဦးတွင် အိုင်းရစ်စ်က ဆုံးသည်၊ အဲ့သည့်နောက် မိမိ၊ ယခု မိဘနှစ်ပါး။ အင်မတန်မှ ဆိုက်လိုက်သော ကပ်,ပင်။

စမစ်သည် မိဘတို့၏ အသုဘအား မပြင်နိုင်ရန်အထိ အရူးမီးဝိုင်း ဖြစ်နေခဲ့သည်။ ကိုမိုးငြိမ်က ဈာပနာပွဲအား လာရောက်ကူညီပေးစဉ် စမစ်သည် အိပ်ခန်းထဲတွင် ပုန်းလျှို၍ ငိုတစ်ခါ၊ ရယ်တစ်လှည့် ရူးသွပ်နေသည်။

Maiden SA ( Complete )Donde viven las historias. Descúbrelo ahora