အခန်း-(၄၇)

17.7K 1.8K 86
                                    

Recommended song - Snap by Rosa Linn

•••••

နယ်ချဲ့ လက်အောက်သို့ ကျရောက်လုနီးနီးဖြစ်ခဲ့သော ဝေါ်သီနိုင်ငံသည် ငါးနှစ်တာကာလတွင် အတက်အလက်ပေါင်းများစွာနှင့် ပြန်လည်ဦးမော့လာခဲ့သည်။ အစိုးရသစ်နှင့် စစ်တပ်သစ်ကို ပြန်လည်ဖွဲ့စည်းခဲ့ရာ ယင်းတွင် တာဝန်ထမ်းဆောင်သူများ၌ တော်လှန်ရေးသမားများကိုပင် ဦးစားပေး ရွေးချယ်ခဲ့ကြသည်။ ပြည်သူလူထုသည် စစ်တပ်ဟူသော ဝေါဟာရကို အလွန် ရွံရှာမုန်းတီးနေဆဲ ဖြစ်သဖြင့် စစ်တပ်အသစ်ဟာပင် ပြည်သူ့အကျိုးပြုတပ်ဟု အမည်လှီးလွှဲထားခဲ့ရသည်။

ပါတီစုံ မဲပေးရက်များအနက်မှ တစ်ရက်တွင် ဖြစ်သည်။ အုတ်ကျိုးရောင် ဖရာရီကားတစ်စီးသည် မဲပေးခန်းမ၏ ရှေ့သို့ ညင်သာစွာ ထိုးဆိုက်လာသည်။ မိုးအဝင်စ ဖြစ်၍ ဝန်းကျင်တစ်ခွင်ဟာ စိုထိုင်းထိုင်း ရှိလှသည်။ ဆွတ်ပြန့်သော ကောင်းကင်ယံတွင်တော့ နေ အတန်ငယ် ပွင့်နေ၏။

ကားပေါ်မှ ဆင်းလာသော လူရွယ်သည် ယူနီဖောင်း အပြည့်နှင့် သန့်စင်သားနားနေ၏။ ယူနီဖောင်း၏ ပုခုံးနေရာမှ အတန်းပေါ်တွင် ကြယ်သုံးပွင့်နေရာယူထားသဖြင့် ပြည်သူအကျိုးပြုတပ်မှ ခေါင်းဆောင်တစ်ဦး ဖြစ်ကြောင်း နားလည်နိုင်သည်။

အရပ်မားမားနှင့် ကိုယ်ထည်ခန့်ခန့်ဟာ သူ့ရုပ်ရည်အား ပိုမိုထင်းလင်းသွားစေသည်။ ကျယ်ပြန့်သော ရင်နှင့် သေးကျဉ်းသော ခါးကြောင့် သူ့ ခန္ဓာ တည်ဆောက်ပုံဟာ မော်ဒယ်တစ်ဦးကဲ့သို့ လှပလေသည်။

ထိုယောက်ျားက မဲပေးရုံထဲသို့ တည်ငြိမ်စွာ လှမ်းဝင်သွားသည်။ သူ့ ခြေလှမ်းတိုင်းဟာ နှစ်ကာလများစွာ အချိန်ယူ၍ စနစ်တကျ လေ့ကျင့်ထားကြောင်း သိသာစွာ အကွာအဝေးတူညီ၍ တစ်ညီတစ်ညာတည်း တန်းဖြောင့်နေ၏။

"ဗိုလ်ကြီး မဲလာပေးတာလားဗျ .. ကြွပါဗျာ ကြွပါ"

မဲခုံမှ လူကြီးတစ်ဦးက သူ့အား ရိုသေပျူငှာစွာ ကြိုဆိုသည်။ သူက ခေါင်းတစ်ချက်ညိမ့်၍ အသိအမှတ်ပြုကာ ရည်ရွယ်ထားသော ပါတီကို မဲပေးလိုက်လေ၏။

ထို့နောက် သူ ကားဆီသို့ ပြန်လာခဲ့သည်။

သစ်ရွက်စိုများက မြေပြင်ပေါ်တွင် ဖားဖားလျားလျား ရွေးလျားနေသည်။ သူ့ ရှူးဖိနပ်နှင့် နင်းဖိသွားသည့် အရွက်များက မြေပြင်အခွက်ရှိ ရွှံကွက်များတွင် ပိပြားညိုမည်းသွား၏။

Maiden SA ( Complete )Opowieści tętniące życiem. Odkryj je teraz