အခန်း-(၂၄)

29.3K 2.3K 119
                                    

ထွန်းစ၏ ဘဝတွင် ပထမဆုံးကြိမ်အဖြစ် နံနက်တေးချိုသာကို ကြားနေရသည်။ ကျေးငှက် တွန်ကျူးသံနှင့် လေပြေပျော်မွေ့သံမဟုတ်သော ရှားပါးလှသည့် ပီယာနိုသံစစ်စစ်ပင် ဖြစ်သည်။ ဤပီယာနိုသံ၏ လက်ဆကို ထွန်းစ သိသည်။ ဂီတအနုပညာနှင့် ဝေးကွာသည်မှန်သော်လည်း ပီယာနိုတစ်လုံးမှ ထွက်လာသည့် သံစဉ်များကိုတော့ ထိုလက်ဆ ဟုတ်၏ မဟုတ်၏ သူ ခွဲခြားနိုင်သည်။

ထိုစဉ် မျက်ခွံများထဲသို့ နေရိပ်နွေးက ခိုးဝင်လာသည်။ လှပမှု လွန်ကဲသော မနက်ခင်းကြောင့် ကျန်ရှိနေဆဲ ကိုက်ခဲခြင်းတို့ကို သူမမှုမိတော့။ သူ၏ ရင်မှာလည်း ယခုထက်တိုင် လှုပ်ခုန်နေဆဲပင်။

ခဏမျှ မှိန်းနေပြီးမှ မျက်လုံးများ အနည်းငယ် ဖွင့်ဟ၍ ပီယာနို ရှေ့က ထိန့်ကို သူ ခိုးကြည့်မိသည်။ ထိန်တင်သည် အပေါ်ပိုင်းဗလာနှင့် အောက်မှ ချည်သားဘောင်းဘီရှည်ကို ခပ်လျော့လျော့ ဝတ်ထား၏။ ပီယာနို တီးနေလျက်က ကုတင်ပေါ်ရှိ သူ့ကို စိုက်ကြည့်နေကြောင်း သိသည်နှင့် တစ်ပြိုင်နက် ထွန်းစက မျက်ခွံများကို ယောင်ယမ်းမှိတ်လိုက်မိ၏။

ပီယာနိုသံက ရပ်သွားသည်။ ဖြည်းဖွ ညင်သာသော ထိန်တင်၏ ခြေသံကို ကြားရလေ၏။ ခြေသံက ကုတင်ရင်းမှာ ရပ်သည်။ မွေ့ယာတစ်ခြမ်းက သိသာစွာ အိဆင်းသွား၏။ သူ့ ဦးခေါင်းအောက်သို့ လက်ဖျံတစ်ခုက တိုးဝှေ့လာသည်။

"ဟန်နီ"

ထွန်းစ၏ ရင်မှာ ဒိတ်ခနဲ မြည်အောင် ခုန်သွားပြီး ရုတ်တရက်ပင် ခေါင်းကို ကြွပေးလိုက်မိသည်။ ထိန်တင်က ထွန်းစ၏ ခန္ဓာကိုယ်ကို သူ့ ရင်ခွင်ထဲသို့ ပွေ့ယူလိုက်၏။ အဲ့သည်နောက် ရင်အုံထဲသို့ မျက်နှာအပ်လာသော ထွန်းစကို ငုံ့ကြည့်လျက် ခပ်မတ်မတ် လဲနေလေသည်။

"အိပ်ချင်သေးတာလား"

ထိန်တင်၏ ကိုယ်သင်းနံ့က ပျံ့ပျံ့မွှေးနေသည်။ မိမိ ပါးပြင်အပ်ထားရာ ရင်အုပ်ကျယ်တို့က နူးညံ့ချောမွေ့နေ၏။ ထွန်းစက ခေါင်းရမ်းလိုက်ပြီး ထိန်တင်၏ ခါးပေါ်သို့ လက်တင်ကာ ဖက်လိုက်သည်။

"ငါ့ကို မကြည့်တော့ဘူးလား"

ထိန်တင်က အရယ်တစ်ဝက်နှင့် ပြောသည်။ ထိုအခါမှ သူ ယခုထိ မျက်လုံးမှိတ်ထားကြောင်း သတိပြုမိချေ၏။ မျက်တောင်စိပ်များကို ဖွင့်လှပ်၍ မော်ကြည့်လိုက်တော့ ထိန်တင်၏ ချိုမြိန်သော အပြုံးကို ရင်ဆိုင်မိသည်။ သေချာကြည့်မှ ချိုမြိန်သည်ထက်ပို၍ ပလီပလာနိုင်သော အပြုံးမျိုးဖြစ်သည်။ ပယင်းရောင်တောက်နေသော မျက်ဝန်းများနှင့် မျက်ခုံးတို့ကို တစ်ချက်ပင့်ကြည့်တော့ ထိုအပြုံးဟာ မည်မျှ အီစီကလီနိုင်သည်ကို ထွန်းစ နားလည်သွားသည်။

Maiden SA ( Complete )Where stories live. Discover now