အခန်း-(၂၁)

27.4K 2.4K 404
                                    

ထိန်တင်သည် မြင်းလှည်း အပြင်ဘက်သို့ ငေးနေသော ထွန်းစ၏ ပုခုံးတန်းများကို ဖိကိုင်လိုက်သည်။

"မက်စ်တန်ပြောတဲ့နေရာကို ငါတို့ မဝင်ဘဲနေကြမလား"

ထွန်းစက ခေါင်းကို ခါရမ်းသည်။ ဝင်းမြ ပြဇာတ်ရုံတွင် ဖြစ်ခဲ့သည့် ကိစ္စနှင့် ပတ်သတ်၍ သူ ကြောက်ရွံ့မနေတော့သည်မှာ သေချာလှသည်။ ထိုထိတ်လန့်ခြင်းနေရာတွင် တွေဝေခြင်းက အစားထိုး ဝင်ရောက်ခဲ့ပြီးဖြစ်၏။

"မင်းက စနေသားနော်"

ထိန်တင်က ချက်ချင်း ခေါင်းညိမ့်ပြသည်။

"ဘယ်အချိန်မှာ မွေးတာလဲ"

"ညနေ ခြောက်နာရီထင်တယ်။ မင်းကရော စနေနေ့ ဘယ်အချိန်မှာ မွေးတာလဲ"

ထွန်းစက ခပ်ယဲ့ယဲ့ ပြုံးသည်။ ပြီးမှ ဖြည်းညင်းစွာဆို၏။

"နေ့လယ် တစ်နာရီ"

ရေတက်မြေတက်ပါကလားဟု ထိန်တင်က စိတ်ထဲ ရေရွတ်မိသည်။ သူ ကြားဖူးသလောက် ထိုအချိန်တွင် ဖွားသည့် ကလေးအများစုက မိဘကို ခိုက်တတ်သည်။ ထွန်းစက ဤသို့ ဖြစ်ခဲ့ပြီလားဟု တွေးရင်း ဝမ်းနည်းမိစဉ်တွင် ထိန်တင်၏ ပုခုံးပေါ်သို့ ထွန်းစက ခေါင်းမှီချလိုက်သည်။ ပြီးနောက် ခါးကို ဖွဖွဖက်၍ ရင်ခွင်ထဲတွင် ဦးခေါင်းထိုးထားသည်။

မိမိမှာ ယောက်ျားသားဖြစ်၍ အကြင်သူဆီမှ အချွဲအနွဲ့၊ အယုအယကို လိုချင်ခဲ့သော်လည်း ပုရိသတစ်ဦး ဖြစ်ပြန်သည့် ထွန်းစကြောင့် ထိန်တင့်ဘက်မှ ဘာမျှ မမျှော်လင့်ခဲ့ပါ။ သို့ရာတွင် ထွန်းစသည် သူ့အား တစ်ခါတစ်ရံ ချွဲနွဲ့အားကိုးတတ်သဖြင့် ထိန်တင့် ရင်မှာ များစွာ ကြည်နူးရလေသည်။

ထွန်းစသည် တစ်ပါးသူ၏ အမြင်တွင် သန်မာကျူးရင့်သော ကျားရိုင်းတစ်ကောင် ဖြစ်နိုင်ပါသော်လည်း ထိန်တင်၏ ရင်ခွင်မှာတော့ ကျားပေါက်လေးနှယ် တိုးဝှေ့ကြင်နာတတ်ရှာသည်။

ထိန်တင်၏ အားငယ်စဉ်မှာလည်း ထွန်းစက လူကြီးဆန်စွာ စောင့်ရှောက်ပေးခဲ့သည်။ ထိန်တင့်အား သူ ကာကွယ်ရမည့် ရတနာတစ်ပါးကဲ့သို့ တန်ဖိုးထားတတ်သည်ကို ချစ်ရည်လဲ့သော မျက်ဝန်းများအတွင်းမှ အသည်းချင်းအပ် ရှာဖွေကြည့်လျှင် မြင်နိုင်ပါသည်။

Maiden SA ( Complete )Tempat cerita menjadi hidup. Temukan sekarang