အခန်း-(၁၀)

33.6K 2.7K 43
                                    

အေးချမ်းသော မျက်နှာထားနှင့် ဘုန်းတော်ကြီးသည် ရွှေအိုရောင် သင်္ကန်းကိုကျက်သရေရှိစွာ ခြုံလျက် စံထိန်သာထဲသို့ တစ်လှမ်းချင်း လှမ်းဝင်ခဲ့သည်။ ဆွမ်း၊ ရေချမ်းဆက်ကပ်အပြီးတွင် မင်းကြီးဦးစိုးထိန်မှ ဦးဆောင်၍ အိမ်တော်မှာ ဖြစ်ပျက်ခဲ့သော ကိစ္စထူးများကို ဦးတည်လျှောက်၏။ သီလသမာဓိနှင့် ကုံလုံသော ဘုန်းကြီးတစ်ပါးမို့ သူတို့အိမ်သားများက ယုံကြည်စွာ ကိုးကွယ်ထားသည့်အားလျော်စွာ ယခုကဲ့သို့ သာမာန်လူများ လိုက်မမှီနိုင်သည့် အဖြစ်များ၌ အားကိုးအားထားပြုရသည်မှာ ထုံးစံပင် ဖြစ်သည်။

ယခင်က စံထိန်သာတွင် သည်လိုကိစ္စမျိုး မရှိခဲ့။ သို့သော် ဘိုးဘွားစဉ်ဆက် လက်ဆင့်ကမ်းလာသော စံအိမ်တော်ဖြစ်၍ မင်းကြီးဦးစိုးထိန်၏ ဘိုးဘေးတို့ လက်ထက်မှာတော့ ရှိကောင်းရှိနိုင်လိမ့်မည်။

ဘုန်းတော်ကြီးသည် ကြည်လင်သော မျက်ဝန်းများဖြင့် အိမ်တော်ကို နှံ့စပ်စွာ ကြည့်ရှုသည်။

မျက်နှာကျက်ရှိ အရောင် ပြိုးပြိုးပျက်ပျက်လက်သော မီးဆိုင်းမီးခက်ကြီးများကို ဘုန်းကြီးက ဦးစွာ မော့ကြည့်သည်။ ထို့နောက် အလျားငါးပေကျော်မည့် ကျွန်းစားပွဲရှည်ကြီးတွေ၊ လူနှစ်ရပ်မကမြင့်သည့် စာအုပ်စင်တွေ၊ လှေကားအရှင်တွေ၊ ရွှေရည်စိမ်တယ်လီဖုန်းတွေနှင့် အလှတပ်ပန်းချီကားများအစ ကျောင်းတော်ကြီးပမာ ပြည့်စုံနေသော အိမ်တွင်းပစ္စည်းများကို စေ့စပ်သေချာစွာ စစ်ဆေးသည်။ သူ စစ်ဆေးသည်ကလည်း အဆန်း၊ ပုလိပ်များလို လက်ဖြင့် လှန်လှောထိကိုင်ခြင်းပင် မပြုဘဲ မျက်လုံးဖြင့် တစ်ချက်ကြည့်ကာ အာရုံမှတ်ခြင်းဖြစ်သည်။

"ဒကာကြီးထင်သလို တစ္ဆေ၊ ဖုတ်၊ နာနာဘာဝ၊ ဉစ္စာစောင့်နဲ့ နတ်ဆိုးတွေ စသဖြင့် အဲ့သည်ဖက် လောကသားတွေရဲ့ အရိပ်အယောင်ကို မတွေ့ရဘူး။ သီလမြဲတဲ့ ပိုင်ရှင်တွေကြောင့် စံထိန်သာဟာ သန့်နေဆဲပါ ဒကာကြီး"

အပြီးတွင် ဘုန်းကြီးက ဤသို့ မှတ်ချက်ချသည်။ လူကြီးများက စိတ်အေးသွားသော်လည်း ထိန်တင် မကျေနပ်။

"ဒကာလေး"

ဘုန်းကြီးက ထိန်တင့်ကို လှမ်း၍ မိန့်သဖြင့် လက်အုပ်ချီကာ အရိုအသေပေးလိုက်သည်။ သူတို့ အိမ်သားအားလုံးက ဘုရားခန်းတွင် ထိုင်နေကြပြီး ဘုန်းကြီးက ဘုရားစင်ရှေ့မှာ ထိုင်တော်မူသည်။

Maiden SA ( Complete )Kde žijí příběhy. Začni objevovat