အခန်း-(၈)

32.8K 2.7K 31
                                    

ကျန်သည့် ကိစ္စများတွင် လူတော်လူတတ် လုပ်တတ်သော ထွန်းစသည် မြင်းစီးသည့် သင်ခန်းစာမှာတော့ ကျွမ်းကျင်စွာ တတ်မြောက်ခြင်းမရှိခဲ့ပါ။ သူ မြင်း စီးတတ်သည်။ သို့သော် မကျွမ်းကျင်။

အထူးသဖြင့် တောရိပ် တောင်ရိပ်တွင် မြင်းပေါ်မှ တလျှောက်လုံး မကျအောင် မစီးနိုင်။ အနည်းဆုံး တစ်ကြိမ်တော့ ပြုတ်ကျသည်။ သို့ဖြစ်၍ ထိန်တင်က သူ့ကို တောထဲ ထွက်စီးခွင့်မပြု။

ဤကဲ့သို့ ထိန်တင်က ခွင့်မပြုသော်လည်း ဂရေစ့်ကျောင်းတော်၏ ကျောင်းသားတစ်ဦးဖြစ်သည့် ထွန်းစမှာတော့ မဖြစ်မနေ ထွက်စီးရမည့် အခါ ရှိနေခဲ့ပါသည်။ မြင်းစီးသည့် သင်ခန်းစာတွင် အနီးရှိ တောအုပ်အတွင်းသို့ ဝင်ကာ ပတ်၍ ကွင်းထဲ ပြန်လာရမည်။ မြင်းစီးတတ်သူဖြစ်စေ မတတ်သူဖြစ်စေ သည်အဆင့်ကို ကျော်ဖြတ်ရသည်။

မြင်းစီးဝတ်စုံကိုယ်စီနှင့် ကလေးများသည် ဂရေ့စ်ကျောင်းတော်၏ မြင်းကောင်းမြင်းလှတို့ကို အလှည့်ကျစီ စီးကြရသည်။ ထွန်းစက အညိုနုရောင်ဂျက်စီ၏ ကျောပေါ်ထိုင်၍ တောလမ်း အဆုံးထိရောက်အောင် အဆင်ပြေပြေ စီးနိုင်မည့်နည်းကို စဉ်းစားနေသည်။

"ဟေ့ ထွန်းစ .. "

ထိန်တင်က ဘေးမြင်းပေါ်မှ လှမ်းခေါ်သည်။

"မင်း မစီးချင်ရင် ဆရာ့ကို request လုပ်လိုက်ပါလား"

ထွန်းစက ခေါင်းရမ်း၍ ဂျက်စီ၏ လည်ပင်းကို အသာပုတ်သည်။

"Definitely! I can do that"

"Okay."

လေ့ကျင့်ရေး၏ အစဖြစ်သည့် တောထဲသို့ တစ်လမ်းစီ ဝင်ကြချိန်တွင် ဂျက်စီ၏ ကိုယ်ပေါ်မှ ထွန်းစတစ်ယောက် အဆင်ပြေနိုင်၏ မပြေနိုင်၏ကို ထိန်တင် လှမ်းအကဲခတ်မိသေးသည်။

တောထဲ တောင်ထဲတွင် မြင်းစီးရသည်မှာ ထင်ထားသလောက် မလွယ်။ ဂျက်စီက လိမ္မာ၍ စကားနားထောင်သဖြင့် တော်သေးသည်။

"ဖြည်းဖြည်းသွားနော်"

ဆရာက မြင်းကို ပြေးစေ၍ စီးရန် မှာထားသော်လည်း အချိုင့်အခွက်နေရာများအရောက်တွင်တော့ ထွန်းစ သိပ်မရဲပါ။

Maiden SA ( Complete )Where stories live. Discover now