မနက်ခင်း၏ အစ၌ အလုပ်သွားရန် အသင့်ဖြစ်နေသော ထိန်တင်သည် လှေကားထစ်များပေါ်မှ အိန္ဒြေရရ ဆင်းလာခဲ့သည်။ တံခါးမကြီးဆီမှ ဝေ့တိုက်လာသော လေနုအေးမှာ သူ့ ရှေ့သို့ ဦးတည်လာသော်လည်း လျှပ်တပြက် ဖြတ်သွားသော ယောက်ျားအရိပ်ကြောင့် သျှားညိုရောင်ဗက်စ် အပွဆီ၌သာ ခိုလှုံပျောက်ကွယ်သွားရသည်။
"ထွန်းစ"
ထွန်းစက အရှေ့သို့ ရောက်နေရာမှ အနောက်သို့ နောက်ပြန်လှမ်းကာ ခေါင်းစောင်း၍ မေးငေါ့လာသည်။
ထိန်တင်က ထွန်းစအား ခေါင်းစခြေဆုံး ကြည့်မိသည်။ သူ့ဟန်ပန်၊ သူ့အမူအယာနှင့် ဝတ်ပုံစားပုံတို့မှာ အေးစက်စောလင့်သော နံနက်ခင်းအချိန်၌ပင် ပူလောင်ပြင်းပြဖွယ်ရာကောင်းလှပေသည်။
ထွန်းစ ဝတ်ထားသည့် အဖြူရောင်ရှပ်ဟာ ချပ်လစ်သပ်ရပ်စွာ ဖွေးအိနေ၍ နက်ပြာရောင်ပုဆိုးပေါ်ရှိ အညိုကွက်များနှင့် လိုက်ဖက်ညီလှသည်။ ထိုအထိက လူကြီးလူကောင်းဆန်ပြီးသား ဖြစ်၍ ဘာမှ မပြောလို။
ထိန်တင် ကြည့်မရသည်မှာ ထိုရှပ်ပေါ်မှ ထပ်ထားသည့် သျှားညိုရောင်လက်ပြတ်ဗက်စ်နှင့် ပြောင်းပြန်တပ်ထားသည့် နေကာမျက်မှန်ကို ဖြစ်သည်။ ထွန်းစဟာ နေကာမျက်မှန်၏ ကိုင်းနှစ်ဖက်ကို နားရွက်များတွင် ချိတ်တင်ထားသော်လည်း ပြောင်းပြန်ကြီးပင်။ မျက်မှန်၏ မှန်နှစ်ဖက်အား သူ့ နောက်စေ့၌ တပ်ထားသဖြင့် ထိန်တင့် မျက်စေ့ထဲ မထော်မနန်း ဖြစ်လှသည်။
"ဒီပုံစံနဲ့က ဘယ်လဲ"
"ဟ တစ်ညလေးပဲ အိပ်လိုက်မိပါတယ် .. ပုလိပ်စစ်စစ်ပြီး သြဇာသီးတွေ ကျွေးလှပါလား"
"ဒီပုံစံနဲ့ မင်းက တပ်ထဲကိုသွားမှာလား"
"ငါ့ပုံစံက ဘာများ ဖြစ်နေလို့လဲ"
"မင်း အသက် ဘယ်လောက်ရှိပြီ ဆိုတာကို မင်းကိုယ်မင်း သိရဲ့လား"
"၂၅ လေ"
"မင်းရာထူးကရော"
"ဗိုလ်ကြီး"
"မင်းသိနေတာပဲကို ဘာကြောင့် သည်လို ပုံစံတွေ ဝတ်ထားရတာလဲ"
CZYTASZ
Maiden SA ( Complete )
Romansဝတ္ထုပါ အကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးသက်သက်သာ ဖြစ်ပြီး မည်သည့်လူပုဂ္ဂိုလ် ၊ မည်သည့်အဖွဲ့အစည်းကိုမှ ပုတ်ခတ် စော်ကားလိုခြင်းမရှိပါ။