အခန်း-(၄၈)

18.6K 1.8K 187
                                    

Recommended song - Power by Little Mix.

•••••

"နောက်ထပ် မိန့်ခွန်းပြောမဲ့ ပုဂ္ဂိုဟ်ကတော့ ပြည်သူတွေရဲ့ အချစ်ကို တစ်ပွေ့တစ်ပိုက်ကြီး သယ်ဆောင်ထားတဲ့ ခေါင်းဆောင်ပါ။ သူဟာ ကျွန်တော်တို့ နိုင်ငံရဲ့ သမိုင်းတလျှောက်မှာ အသက်အငယ်ဆုံး ဝန်ကြီးချုပ်တစ်ဦး ဖြစ်ပါတယ်။ နုတ်ဝေါ်သီတိုင်း၏ ဝန်ကြီးချုပ် ရိုနန်ထိန်တင်ကို ဖိတ်ခေါ်ပါတယ်ခင်ဗျာ။"

ဖိတ်ကြားမှုအပြီးတွင် စင်၏ အနောက်ရှိ လှေကားများမှ လှမ်းတက်လာသော ဝန်ကြီးချုပ်ကို မြင်လိုက်ရသည်။ ပြည်သူလူထု၏ သဘောတကျအားပေးသံနှင့်အတူ သစ်ခွပန်း၊ နှင်းဆီပန်းများမှာ လူအုပ်ထဲမှ ခုန်ထွက်လာ၍ စင်အနှံ့တွင် ပျံ့ကြဲလာသည်။

ထိန်တင်က ပြည်သူများ စွပ်ပေးထားသော ပန်းကုံးနှစ်ခုကို နေရာပြင်၍ မိုက်နားသို့ နှုတ်ခမ်းကို တေ့လိုက်သည်။ ထို့နောက် ခေတ္တအကြာတွင် ကြည်လင်ဝင်းဖြာ၍ ဆွဲဆောင်မှုပြင်းသော သြဇာသံဟာ လွင်ပြင်တစ်ခွင်သို့ ပျံ့နှံ့ကျယ်လောင်သွားလေ၏။

"ကျွန်တော့်နာမည် ရိုနန်ထိန်တင်ပါ။ ကျွန်တော်ဟာ ၁၉၄၈ ခု ( မြန်မာနှစ် ၁၂၈၄ ) မှာ ရွေးကောက်ခြင်းခံထားရတဲ့ နုတ်ဝေါ်သီတိုင်းရဲ့ ဝန်ကြီးချုပ် ဖြစ်ပါတယ်။ မိန့်ခွန်းအနေနဲ့ကတော့ များများစားစား ချဲ့ကာပြောဆိုဖွယ်ရာ မရှိပါဘူး .. "

ထိန်တင် မိန့်ခွန်း ပြောနေဆဲတွင် ခန်းမ၏ အဝင်ဝသို့ ဖရာရီကားတစ်စီး ထိုးဆိုက်လာ၏။ ကားဘေးသို့ ဝန်ထမ်းများ ဝိုင်းလာသဖြင့် စင်ပေါ်မှ ထိန်တင်က သတိထားမိသွားသည်။

ဖြတ်ခနဲ ပွင့်လာသော ကားတံခါး၏ အနောက်တွင် အနက်ရောင် ရှူးဖိနပ်ဝတ်ခြေတစ်ဖက် ထွက်လာ၏။ ခြေမျက်စေ့ထိ ပြတ်သော ရှူးဖိနပ်မှ ပြောင်လဲ့မှူဟာ မိုးပြာရောင် ပိုးပုဆိုး၏ အနားစတွင် ပျောက်ကွယ်သွား၏။

ဖြောင့်မတ်မြင့်မားသော အရပ်အမောင်းမှာ ထင်းထင်းစူးသော နေရောင်အောက်တွင် ခန့်ခန့်ကြီး ရှည်လျားနေ၏။ ဆံနွယ်များကို ဆီဖြင့် လိမ်းကျံ သပ်တင်ထားပြီး မျက်နှာတစ်ပြင်လုံး ရှင်းလင်းနေသည့် ယောက်ျားတစ်ဦးဟာ ထိန်တင် မိန့်ခွန်းပြောရာ စင်ပေါ်သို့ လှမ်းကြည့်၍ ခန်းမထဲသို့ လျှောက်ဝင်လာသည်။

Maiden SA ( Complete )Where stories live. Discover now