5 - Midnight Mansion (3)

5.8K 895 41
                                    

Unicode

အခန်း - (၅) : သန်းခေါင်ယံစံအိမ် (၃)

ပြင်ပ,ပယောဂ တစ်စုံတစ်ရာမပါဘဲ နဂိုပိတ်နေသော စံအိမ်တံခါးမကြီးသည် သူ့အလိုလို ပွင့်ဟလာခဲ့၏။ ချန်ကျစ်ချူးနှင့် ကျန်လူများ ကြက်သီးမွေးညင်းထသွားပြီး မသိစိတ်အရ နောက်တစ်လှမ်း ဆုတ်လိုက်မိသည်။ ပိုင်ရိတစ်ယောက်တည်းသာ ရှေ့တက်သွားပြီး တံခါးအဟကြားမှ ဓာတ်မီးထိုးကြည့်လိုက်သည်။ စက္ကန့်အနည်းငယ်ခန့် စိုက်ကြည့်ပြီးနောက် တံခါးမကြီးကို တွန်းဖွင့်လိုက်လေသည်။

"ကျီ... ကျွီ....."

သံချေးတက်နေသော ပတ္တာသံနှင့်အတူ တံခါးမကြီးသည် ဖြည်းဖြည်းချင်း ပွင့်ဟလာခဲ့ပြီး အပေါ်မှ ဖုန်မှုန့်များ ကျဆင်းလာခဲ့၏။ အဆောက်အအုံထဲမှ အောက်သိုးသိုးအနံ့များ တိုးထွက်လာပြီး ဓာတ်မီး၏ မှိန်ဖျော့ဖျော့ အလင်းရောင်အောက် ပိုမိုခြောက်ခြားဖွယ် ကောင်းလာခဲ့သည်။

ပိုင်ရိ တံခါးဖွင့်လိုက်ချိန်တွင် လူတိုင်း၏မျက်နှာပေါ်၌ ကြောက်ရွံ့စိတ်လှုပ်ရှားမှုများ စိုးမိုးလာခဲ့သည်။ တံခါးပွင့်သွားပြီးနောက် ထူးထူးဆန်းဆန်းဖြစ်ရပ်မျိုး ဖြစ်မလာသည်ကို မြင်လိုက်ရတော့မှ လူတိုင်း စိတ်သက်သာရာရသွားသလို သက်ပြင်းချနိုင်ခဲ့သည်။

ဝမ်ကျန်းမင်သည် သူ့ကောင်မလေး ရန်ရွှယ်ကြောင့် ပိုင်ရိအပေါ် အမြင်မကြည်။ သို့ဖြစ်ရာ ယခုကိစ္စကြောင့် ပိုမိုမကျေမနပ် ဖြစ်လာခဲ့သည်။ ခပ်တည်တည်ဖြင့် အထွန့်တက်လိုက်သည်။

"နောက်ဆို တံခါးဖွင့်ချင်ရင် ကျုပ်တို့ကို ကြိုပြောသင့်တယ်.. ခင်ဗျားလျှောက်လုပ်လို့ တစ်ခုခုမှားသွားရင် ဘယ်လိုလုပ်မလဲ..?"

ပိုင်ရိက ပြုံးလိုက်ရင်း.. "စံအိမ်ထဲဝင်ပြီးမှ ကစားပွဲစမယ်လို့ ပြောခဲ့တယ်လေ.. တံခါးဖွင့်လိုက်ရုံနဲ့ ဘာမှမဖြစ်ဘူး.."

ထိုစကားကြောင့် ဝမ်ကျန်းမင် ပါးစပ်ဖွင့်ပြီးမှ ပြန်ပိတ်လိုက်၏။ ခွန်းတုံ့ပြန်စရာ စကားရှာမတွေ့ခဲ့ပေ။ ရန်ရွှယ်က သူ့ရဲ့အင်္ကျီကို ဆောင့်ဆွဲလိုက်ကာ ခပ်တိုးတိုး အပြစ်တင်လိုက်သည်။

အသက်ရှင်နိုင်ဖို့အရေး အနမ်းတွေကို မှီခိုနေရဦးမယ်!Where stories live. Discover now