88 - Out of Control Photobook (End)

2.7K 513 30
                                    

Unicode

အခန်း - (၈၈) : အထိန်းအချုပ်မဲ့ Photobook (End)

အပြင်မှာရပ်နေသည့် ချန်ကျစ်ချူးလည်း ပိုင်ရိ၏မျက်နှာ ပျက်ယွင်းနေတာကို သတိပြုမိသွားသည်။ ရုတ်တရက် ရင်တုန်လာပြီး သူနှင့် ဝိညာဉ်ခွဲများ နမ်းနေသည်ကို ပိုင်ရိ မမြင်သွား၍ တိတ်တခိုးလေး သက်ပြင်းချမိသည်။

သူ၏မသိစိတ်က ဝိညာဉ်ခွဲများကို လူတစ်ယောက်ချင်းစီအဖြစ် ခွဲခြားသတ်မှတ်ထား၍သာ ထိုသို့တွေးနေမိခြင်း ဖြစ်နိုင်သည်။ သို့သော် System ပြောသလိုပင်၊ သူ ထိုသို့မတွေးသင့်ပါ။ သူ့ဘက်ကစတင်၍ သူတို့အားလုံးကို ပိုင်ရိအဖြစ် တန်းတူဆက်ဆံပေးရမည်။

ချန်ကျစ်ချူးသည် ထိုအတွေးဖြင့် နှုတ်ခမ်းတင်းတင်းစေ့လိုက်၏။ အသုံးမဝင်သည့် အတွေးများကို ဘေးဖယ်ပြီး ဝိညာဉ်ခွဲများကိုခေါ်ကာ အိမ်ထဲဝင်လာလိုက်သည်။

သူ၏မိဘနှစ်ပါးက အပြင်ခဏလေးသွားပြီး လူအုပ်လိုက်ကြီး ပြန်ခေါ်လာသော သားဖြစ်သူကိုကြည့်ကာ အံ့ဩနေတော့၏။ ချန်ကျစ်ချူးလည်း ကြိုတင်စဉ်းစားထားသည့်အတိုင်း ဂိမ်းထဲမှ သူငယ်ချင်းများဖြစ်ကြောင်း၊ အိမ်ကို အလည်လိုက်လာခြင်းဖြစ်ကြောင်း အဆင်ပြေအောင် ရှင်းပြလိုက်သည်။

“ဒီနေ့ ကျစ်ချူး အိမ်ကို သူငယ်ချင်းတွေအများကြီး ခေါ်လာမယ်လို့ မထင်ထားဘူး.. ထမင်းဟင်းတွေ လုံလုံလောက်လောက် မချက်ထားမိဘူးကွယ်..” မားမားချန်တစ်ယောက် အလွန်ပျော်ရွှင်နေပြီး ချက်ချင်း မတ်တပ်ရပ်ကာ မီးဖိုခန်းထဲ သွားရန်ပြင်သည်။ : “အရင်ဆုံး ထိုင်နှင့်ဦးနော်.. အန်တီ ဟင်းနည်းနည်းပါးပါး ထပ်ချက်လိုက်ဦးမယ်..”

“ကျေးဇူးတင်ပါတယ် အန်တီ.. ကျွန်တော်တို့ စားခဲ့ပြီးပါပြီ.. အားမနာပါနဲ့..” ဂျိုရှုအာက အပြုံးလေးဖြင့် ပြောသည်။ : “ကျွန်တော်တို့က ခဏတဖြုတ် ဝင်လည်တာ.. တအောင့်နေရင် ပြန်တော့မှာပါ..”

“အဲတာဆိုလည်း ဟုတ်ပါပြီ..”

မားမားချန်က သည်အတိုင်းမနေ၊ သစ်သီးနှင့် မုန့်များ သွားယူလာပြီး အပြုံးဖြင့် ဆိုသည်။ : “ဒါပေမဲ့ အန်တီတို့နဲ့ စကားပြောရင်း ခဏလောက်တော့ နေသွားပါဦး.. အန်တီတို့အိမ်မှာ ဒီလောက်မစည်ကားတာ အတော်ကြာပြီ..”

အသက်ရှင်နိုင်ဖို့အရေး အနမ်းတွေကို မှီခိုနေရဦးမယ်!Where stories live. Discover now