18 - Abandoned Hospital (2)

4K 678 38
                                    

Unicode

အခန်း - (၁၈) : စွန့်ပစ်ဆေးရုံ (2)

လွန်ခဲ့သော သုံးရက်ခန့်က ချန်ကျစ်ချူးသည် သူ့ဘဝ၏ ရှက်စရာအကောင်းဆုံးအချိန်ကို ကျော်ဖြတ်ပြီးပြီဟု ထင်ခဲ့ဖူး၏။

လတ်စသတ်တော့ ရှက်စရာအကောင်းဆုံးဆိုတာ သူ ဂျိုရှုအာနဲ့ နမ်းနေတာကို ပိုင်ရိ တွေ့သွားတာ မဟုတ်ပါလား။ နိုင်ငံ့နတ်ဘုရားလေး ကျီယွင်ရှောင်ရဲ့ ပေါင်ကို အသည်းအသန်ဖက်ပြီး မျက်ရည်လည်ရွှဲနဲ့ လက်ထပ်ခွင့်တောင်း၊ သေပစ်မယ်လို့ ခြိမ်းခြောက်တာနဲ့ ယှဉ်လိုက်ရင် အဲ့အနမ်းလေးက ဘာဟုတ်တော့မှာလဲ..?!

ချန်ကျစ်ချူးသည် သေချင်စိတ်ပေါက်လာ‌တော့၏။ သို့သော် သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်၍မရဘဲ တစ်ဖက်လူ၏ ခြေထောက်ကိုသာ ဖက်တွယ်နေလေသည်။ ကျီယွင်ရှောင်မှာ အံ့ဩမှင်သက်နေပြီး ရုန်းကန်ရန်ပင် မေ့လျော့နေရှာသည်။ မျက်ဝန်းလှလှလေးများက အတန်ငယ် ပြူးကျယ်နေကာ စကားတစ်ခွန်းပင် မဆိုနိုင်ဘဲ ချန်ကျစ်ချူးကို ငုံ့ကြည့်နေခဲ့သည်။

“လွှတ်..!”

ဘော်ဒီဂတ်တာ့ကောင်းလည်း မျက်နှာမည်းမှောင်သွားသည်။ သူက ချန်ကျစ်ချူးကို အင်္ကျီလည်ပင်းမှ ခပ်ကြမ်းကြမ်း ဆုပ်ကိုင်ကာ ဆွဲဖယ်ပစ်သော်လည်း တုတ်တုတ်မျှ မလှုပ်သွားချေ။

ပိုင်ရိမှာ မသိမသာ မျက်မှောင်ကြုတ်သွားပြီး သူ၏ မျက်ဝန်းများက အဆမတန် အေးစိမ့်လာခဲ့သည်။ တစ်ခုခု မူမမှန်မှန်းလည်း သတိပြုမိသွားခဲ့သည်။

သူက ချန်ကျစ်ချူးရှိရာ လျှောက်သွားရင်း တာ့ကောင်းကို အသာဝေ့ကြည့်လိုက်၏။ တာ့ကောင်းသည် ထိုအကြည့်ကြောင့် စိမ့်ခနဲဖြစ်သွားပြီး မသိစိတ်အရ ချန်ကျစ်ချူးကို လွှတ်ပေးလိုက်မိသည်။ ပိုင်ရိက သူ့ကို တွန်းတိုက်ဖြတ်ကျော်သွားပြီး ချန်ကျစ်ချူးကို လက်မောင်းမှ ညင်သာစွာ ဆွဲမလိုက်လေသည်။ ပြီးနောက် နွေးထွေးကြင်နာစွာ ပြောလိုက်သည်။

“ထတော့နော်..”

ပိုင်ရိ၏ အပြုအမူက အားပါပုံမရသော်လည်း ထူးဆန်းစွာဖြင့် ချန်ကျစ်ချူးကို ဆွဲခွာနိုင်ခဲ့သည်။ သို့တိုင် ချန်ကျစ်ချူးသည် အငိုမရပ်နိုင်သေးဘဲ ပခုံးများက တသိမ့်သိမ့် တုန်ယင်နေလေ၏။ ပျော့ပျောင်းနူးညံ့ပြီး ရှုပ်ဖွာနေသည့် ဆံပင်ပုံစံကြောင့် ချန်ကျစ်ချူးမှာ သနားချင့်စဖွယ် အကောင်ပေါက်လေးလို ဖြစ်နေတော့သည်။

အသက်ရှင်နိုင်ဖို့အရေး အနမ်းတွေကို မှီခိုနေရဦးမယ်!Where stories live. Discover now