10 - Midnight Mansion (8)

4.8K 765 37
                                    

Unicode

အခန်း - (၁၀) : သန်းခေါင်ယံစံအိမ် (၈)

ချန်ကျစ်ချူးမှာ ပိုင်ရိဆွဲခေါ်ရာနောက် ချော်လဲလုမတတ် မနည်းလိုက်မီအောင် လိုက်နေရလေသည်။ လုဝမ်ကျင်းလည်း အနောက်မှလိုက်လာပြီး သုံးယောက်သား ဒုတိယထပ်စင်္ကြံလမ်းတစ်လျှောက် ပြေးလာလိုက်၏။ အခန်းများစွာ ဖြတ်ကျော်ခဲ့ပြီးနောက် သရဲများကို မျက်ခြေဖြတ်နိုင်ခဲ့သည်။

နောက်ဆုံး အိပ်ခန်းတစ်ခန်းထဲကို ပြေးဝင်လိုက်မှ လက်ကျန်အဖြူရောင်အရိပ်များလည်း ပျောက်ကွယ်သွားတော့သည်။ ပိုင်ရိက အခန်းတံခါးကို အသာပိတ်ပြီး တံခါးနောက်မှ အသံဗလံများကို နားထောင်ကြည့်လိုက်သည်။ ပြီးမှ ချန်ကျစ်ချူးနှင့် လုဝမ်ကျင်းဘက် လှည့်ကာ တည်တည်ငြိမ်ငြိမ် ပြောလာသည်။

“ကျုပ်တို့ လောလောဆယ် လုံခြုံသွားပြီ..”

“ဟူး…”

ချန်ကျစ်ချူးမှာ အားကုန်ထုတ်သုံး၍ ပြေးလာရသဖြင့် ခြေထောက်များပင် ပျော့ခွေလာသလို ခံစားလိုက်ရ၏။ ကြမ်းပြင် သန့်၏မသန့်၏ ဂရုမစိုက်နိုင်တော့ဘဲ ညစ်ပေနေသည့် ကြမ်းခင်းပေါ် ပစ်လှဲလိုက်ကာ ဟောဟဲလိုက်နေတော့သည်။ မောပန်းလွန်း၍ အသက်ထွက်တော့မလိုပင်။ ဤမျှအဝေးကြီး ပြေးလာနိုင်သည်မှာလည်း အသက်ရှင်လိုသည့် စိတ်ဆန္ဒတစ်ခုကြောင့်သာ။

လုဝမ်ကျင်း၏ မျက်နှာတစ်ပြင်လုံးလည်း ချွေးစေးများဖြင့် ရွှဲနင့်နေတော့သည်။ သူမလည်း ကြမ်းပြင်ပေါ် ထိုင်ချကာ ဟောဟဲလိုက်နေပြီး တစ်ခဏကြာတော့ အောက်နှုတ်ခမ်းကိုကိုက်ကာ မချင့်မရဲ ပြောလာသည်။

“ဝမ်… ဝမ်ကျန်းမင် ကျွန်မတို့ကို လိုက်မမီဘူး.. သူ ဘာဖြစ်နေပြီလဲမသိဘူး..”

ပိုင်ရိနှင့် ချန်ကျစ်ချူးတို့ ဘာမှပြန်မပြောခဲ့ပေ။

လုဝမ်ကျင်းလည်း ပြောပြီးသည်နှင့် အသံတိတ်သွားသည်။ ဤနေရာမျိုးတွင် အဖွဲ့မှခွဲထွက်ကာ တစ်ယောက်တည်း ဖြစ်သွားပါက အသက်ကယ် Item သာမရှိခဲ့လျှင် ဆိုးရွားသည့် ကံကြမ္မာမျိုး ကြုံတွေ့နိုင်ခြေများသည်။ အစောပိုင်းက သရဲအရေအတွက် အလွန်များ​လွန်းသဖြင် ကိုယ့်ကိုယ်ကို ကာကွယ်ရန်ပင် အနိုင်နိုင်ဖြစ်ခဲ့ရ၏။ အကယ်၍ ဝမ်ကျန်းမင်ကို ကယ်တင်ရန် ဆုံးဖြတ်လိုက်လျှင် သူတို့အားလုံး အဆုံးသတ်သွားနိုင်သည်။

အသက်ရှင်နိုင်ဖို့အရေး အနမ်းတွေကို မှီခိုနေရဦးမယ်!Where stories live. Discover now