42 - Horror Variety (7)

2.9K 597 45
                                    

Unicode

အခန်း - (၄၂) : Horror Variety (7)

ကျိုးလော့ချန်.. သောက်ရူးမျိုးမစစ်ကောင်.! မြွေတွေကို ပိုက်လိုင်းထဲလွှတ်ပြီး သူ အော်ပြေးအောင်၊ အပြင်ထွက်လာအောင် လုပ်ချင်နေတာပဲ..!

ဖန်သေတ္တာကိုကိုင်ကာ ဧည့်ခန်းထဲမှ ထွက်သွားသည့် ကျိုးလော့ချန်ကိုကြည့်ပြီး ချန်ကျစ်ချူးမှာ ကျောချမ်းလာသလို ခြေလက်များလည်း လှုပ်ရှားမရတော့ပေ။ လူတစ်ယောက်က ကလေးငယ်များအပေါ် ဤမျှရက်စက်နိုင်လိမ့်မည်ဟု သူ လုံးဝမထင်ထားခဲ့။ ထို့အပြင် ထိုလူ၏ သေသပ်ကျွမ်းကျင်သော လှုပ်ရှားပုံကိုကြည့်ရင်း ပထမဦးဆုံးအကြိမ်မဟုတ်မှန်း သိသာနေတော့သည်။

လက်စသတ်တော့ ကလေးတစ်ယောက် လေဝင်လေထွက်ပိုက်လိုင်းထဲ ရောက်နိုင်လောက်တဲ့ အကူပစ္စည်းတွေကို ကျိုးလော့ချန်က မြေအောက်ခန်းထဲမှာ တမင်ချန်ထားရစ်ခဲ့တာပဲ..!

တခြားအခန်းတွေနဲ့ ဆက်ထားတဲ့ လေဝင်လေထွက်ပေါက်ကို အသေမပိတ်ဘဲ အလောင်းပုပ်နံ့ကို ပန်းရနံ့နဲ့ တကူးတက ဖုံးကွယ်ထားတာက ကလေးတွေကို ပိုက်လိုင်းထဲ တွယ်တက်အောင်လုပ်ပြီး ဒီဗီလာကြီးထဲမှာ သူနဲ့ တူတူပုန်းတမ်းဆော့ရအောင် လုပ်ချင်နေလို့ကိုး..!

ဒီမကောင်းဆိုးဝါးက သူ့လက်ခုပ်ထဲက ကလေးတွေကို ခြောက်လှန့်ဆော့ကစားပြီး အပျော်ရှာနေတာ။ ကစားလို့ဝတာနဲ့ ကလေးတွေကိုသတ်၊ နှင်းဆီပန်းမျိုးစေ့တွေကို ခန္ဓာကိုယ်ထဲထည့်ပြီး အပင်မြေဩဇာ လုပ်ပစ်လိုက်တာ..!

ပြီးတော့ သူ့ကို လက်သည်းညှပ်ပေးတာလည်း တမင်လုပ်ခဲ့တာပဲ။ သွေးမထွက်တော့ဘူးဆိုပေမယ့် ခန္ဓာကိုယ်ထဲ သွေးနံ့က စွဲနေပြီ။ မြွေတွေက သွေးနံ့ရတာနဲ့ သူ့အနားကို ချက်ချင်း ရောက်လာလိမ့်မယ်..!

ချန်ကျစ်ချူးသည် ထိုမြွေများတွင် အဆိပ်ရှိမရှိ သေချာမသိသေးပေ။ အစောပိုင်းက ကျိုးလော့ချန်သည် မြွေများကို ကိုင်တွယ်ရန် ညှပ်ကိုသုံးခဲ့ပြီး တိုက်ရိုက်ထိတွေ့ခြင်း မလုပ်ခဲ့သဖြင့် ထိုမြွေများဟာ အနည်းဆုံးတော့ ရန်မမူတတ်သည့် မျိုးစိတ်မဟုတ်တာ သေချာနေသည်။ ထို့ကြောင့် ပိုက်လိုင်းထဲတွင် ဆက်ပြီးပုန်းအောင်းနေ၍ မရတော့ပေ။ ထွက်ပေါက်တစ်ခုရှာပြီး အမြန်ထွက်မှ ဖြစ်မည်။

အသက်ရှင်နိုင်ဖို့အရေး အနမ်းတွေကို မှီခိုနေရဦးမယ်!Where stories live. Discover now