Unicode
အခန်း - (၆၅) : တစ္ဆေသတို့သမီး (၁)
ချန်ကျစ်ချူးသည် ပိုင်ရိ၏ ထုံပေပေမျက်နှာထားကိုကြည့်ပြီး အလွန်နေရခက်လာ၏။
ကုကျန်းက သူ ပိုင်ရိကို ကြိုက်မှာမဟုတ်ဟု ပြောခဲ့သည်။ သူကိုယ်တိုင်ကလည်း ထိုသို့ ထင်ခဲ့ဖူးပါသည်။ ယောက်ျားလေးချင်း အဘယ်သို့ ကြိုက်နိုင်မည်နည်း။
သို့သော် ထိုအခိုက်အတန့် ရင်ခုန်သံပြောင်းလဲလာကြောင်း ကြောက်စရာကောင်းအောင် သိလိုက်ရသည်။ ပိုင်ရိနှင့် နမ်းခဲ့တာကို ပြန်တွေးမိတိုင်း ရင်ခုန်သံမြန်လာရသည်။ Boss နှင့် နမ်းခဲ့စဉ်က ထိုသို့မခံစားခဲ့ရဖူးပေ။
ထို့အပြင် ပိုင်ရိ၏မျက်နှာက ချောမောကြည့်ကောင်းပြီးသား ဖြစ်သော်လည်း ယခု သူလှည့်ကြည့်လိုက်သောအခါ သူ၏မျက်လုံးထဲ Filter တစ်ထပ်ခံထားသည့်အလား အလွန့်အလွန် ချောမောကြည့်ကောင်းနေတော့သည်။ ကြည့်ကောင်းလွန်း၍ သူ့မှာ အကြည့်မလွှဲနိုင်ဘဲ အကြာကြီး ဆက်ကြည့်ချင်မိသည်အထိ…
သူ.. တကယ်ကြီး ပိုင်ရိအပေါ်…. ပိုင်ရိအပေါ်….
ချန်ကျစ်ချူးခမျာ စိတ်ရှုပ်ထွေးလာ၏။ မသိစိတ်က ထိုအတွေးကိုငြင်းဆန်ရန် ကြိုးစားနေပါသော်ငြား ပိုင်ရိအပေါ် ခံစားချက်ပြောင်းလဲလာကြောင်း နားလည်လိုက်သည်နှင့် ထိုအမျိုးသားအကြောင်း မရပ်တန့်နိုင်အောင် တွေးနေမိသည်။
သူ၏စိတ်ထဲတွင် အတူရှိခဲ့ဖူးသည့် အမှတ်တရများစွာကို ပြန်လည်မြင်ယောင်လာသည်။ ပိုင်ရိနှင့် စတင်တွေ့ဆုံခဲ့ပုံ၊ ပိုင်ရိက သူ့ကို ပြုံးပြလာပုံ၊ ကြင်နာတတ်သည့် အကြည့်နှင့် ချစ်စနိုးအထိအတွေ့များ၊ သူ့ကို အရည်ပျော်သွားစေသည့် ထွေးပွေ့မှု၊ အက်ရှစွဲမက်ဖွယ် နာမည်ခေါ်သံ…
[ ကျစ်ချူး.. ]
“………..”
ချန်ကျစ်ချူးမှာ ကပျာကယာ ခေါင်းငုံ့လိုက်မိရင်း ညအမှောင်ကို အသုံးချ၍ နီရဲတက်လာသည့် ပါးပြင်နှစ်ဖက်ကို ဖုံးကွယ်လိုက်ရသည်။
ပိုင်ရိ၏ နာမည်ခေါ်သံကို ကြားယောင်မိရုံမျှဖြင့် သူ၏ရင်ထဲ ဖိုးသိုးဖတ်သပ်ဖြစ်လာပြီး ချိုချိုချဉ်ချဉ် ခံစားချက်လေးများဖြင့် ပြည့်နှက်သွားသလို ခံစားနေရလေသည်။
YOU ARE READING
အသက်ရှင်နိုင်ဖို့အရေး အနမ်းတွေကို မှီခိုနေရဦးမယ်!
HorrorI rely on kisses to clear survival games. 90 Chapters + 9 Extras This is not my own. Totally Credited to original Author.