မှိတ်ထားတဲ့ မျက်ဝန်းတွေကို အသာအယာဖွင့်ကြည့်တော့ ဘေးနားတွင် အမြဲတယုတယနှိုးတတ်တဲ့၊မနက်ခင်းတိုင်း အနမ်းချိုချိုလေးတွေပေးတတ်တဲ့ အမျိုးသမီးကိုမတွေ့ရ။အခန်းတစ်ခန်းလုံး ဝေ့ဝဲကြည့်မိတော့လည်း မတွေ့ပေ။မနက်ခင်းတိုင်း အမြဲမြင်နေရတဲ့ မြတ်ကို မတွေ့တာကြောင့် ပန်းချီအနည်းငယ်စိတ်ပူသွားသည်။
အိပ်ယာမှထကာ ရေချိုးခန်းထဲ ကြည့်တော့လည်း အရိပ်အယောင်ပင်မတွေ့တာကြောင့် ပန်းချီစိတ်ထဲ ဝုန်းဒိုင်းကြဲလို့နေသည်။မျက်လုံးတွေကို အခန်းထဲဝေ့ဝဲကြည့်မိတော့ သူမတို့နှစ်ဦးရဲ့ မင်္ဂလာပွဲက အမှတ်တရဓာတ်ပုံလေးက လှပစွာပင်။ထိုပုံလေးဘေးမှာတွေ့ရသည်က အဝါရောင်စာရွက်လေးတစ်ရွက်။ထိုစာရွက်အား အမြန်ယူပြီး ဖတ်လိုက်မိသည်။ထိုသည်ကား...
မောင်.
ဒီမနက်အရေးကြီးကိစ္စလေးရှိလို့ အန်တီအလုပ်ကိုအစောကြီးသွားရတယ်၊၊
မောင့်ကိုနှိုးပြီးပြောနေရင်မောင်အိပ်ရေးပျက်မှာစိုးလို့ မပြောခဲ့တာ။မောင်နိုးရင်ရေအရင်ချိုးလိုက်နော်။မနက်စာလည်းအရန်သင့်ပြင်ပေးခဲ့တယ်။မောင်မနိုးသေးပေမဲ့ ပေးနေကျအနမ်းလေးကိုတော့ ပေးခဲ့တယ်နော်၊၊အလုပ်သွားရင် ကားကို ဂရုစိုက်မောင်းဦး၊၊ချစ်တယ်မောင်။ဝိုင်းစက်စက်စာလုံးလေးတွေဖတ်ပြီးအဆုံး ပန်းချီပြုံးမိသည်။ဂရုတစိုက်ရှိတဲ့ မြတ်ကြောင့် ပျော်ရွှင်ရသည်။ချစ်ရသူက ဂရုတစိုက်မှာသွားခဲ့တဲ့ စာလေးတစ်စောင်က ပန်းချီ့ အတွက် နွေးထွေးမှုအပြည့်အဝပင်ရရှိသည်။အချိုမြန်ဆုံးအနမ်းတစ်ပွင့်ကို ရလိုက်သလို အချစ်တွေနဲ့စီခြယ်ထားတဲ့ စာတစ်စောင်ကိုပါ ရရှိခဲ့လေသည်။
ကုတင်ပေါ်မှမြည်လာတဲ့ဖုန်းကို ကြည့်မိတော့ မျက်နှာပြင်ပေါ်မှာ ပေါ်နေသည့်နာမည်သည်ကား "အန်တီ"ဆိုသည့်နာမ်စားလေးပင်။တစ်နည်းအားဖြင့် ပန်းချီ့ ရဲ့ မူပိုင်ရှင်အမျိုးသမီးပင်။အိပ်ယာပေါ်မှဖုန်းကို အမြန်ပင်ကိုင်လိုက်တော့ ရင်ထဲနွေးခနဲ။
"ဟယ်လို"
"အခုမှနိုးတာလား အိပ်ပုတ်လေး"
ချိုသာသည့်မြတ်ရဲ့အသံသည် ပန်းချီ့နှလုံးသား၏အနက်ရှိုင်းဆုံးနေရာအထိ စိမ့်ဝင်သွားခဲ့သည်။မနက်ခင်းရဲ့ ဆည်းလည်းသံလေးက နူးညံ့စွာပင်။ခေါ်လိုက်သည့်နာမ်စားငယ်က သဘောကျစရာအတိ။
YOU ARE READING
"နှလုံးသား၏ စေခိုင်းရာ"(Completed)
General Fiction"ရှင့်ကိုသိပ်မုန်းတယ် ဒေါ်မြတ်သဒ္ဒါသွေး"