Episode.36(Unicode)

2.8K 186 12
                                    

           တစ်ရက်ပင်မပြည့်တဲ့အချိန်ကာလတစ်ခုသည် ချစ်ရတဲ့ အမျိုးသမီးနှစ်ဦးကို ပြန်လည်ဆုံစည်းဖို့အချိန်အပိုင်းအခြားတစ်ခုပင်။ဒီနေ့ဟာ ပန်းချီခရီးသွားတာ နောက်ဆုံးရက်။တစ်နည်းအားဖြင့် မြတ်ဆီကို ပြန်လာဖို့ နီးကပ်လာသည့်ရက်ဆိုရင်လည်း မှားမည်မဟုတ်။ပြန်လည်ဆုံဆည်းဖို့ ကြားခံနေသည့် ရက်တစ်ရက်ဆိုလည်း ဟုတ်လေသည်။

ပန်းချီနဲ့တွေ့ရတော့မည်ဆိုသည့်အတွေးသည် မြတ်ရင်ထဲကို နွေးထွေးသွားရုံသာမက လုံခြုံမှုဆိုသည့်အရာကိုပါ ထပ်တူပေးစွမ်းလို့နေသည်။ထိုအကြောင်းကို တွေးနေတဲ့ မြတ်မျက်နှာထက်မှာ အပြုံးတွေနဲ့ပင်။ ချစ်ရသူနဲ့တွေ့ရတော့မည်ဆိုတဲ့အသိစိတ်ကနှလုံးသားတစ်ခုလုံးကို အပြည့်အဝပင်ဖုံးလွှမ်းလို့နေသည်။
ခေါ်နေမိသည့်ဖုန်းနံပါတ်တစ်ခုက အချစ်ဆီကိုသာ။
သို့ပေမဲ့လည်း ချက်ချင်းကိုင်ခြင်းမရှိ။အနည်းငယ်ကြာမှရသည့်တုံ့ပြန်မှုတစ်ခု။

"ဟယ်လို"

       ကြားနေရသည်က ချစ်ရသူအသံမဟုတ်ပဲ အမျိုးသားတစ်ဦးရဲ့အသံ။ထိုအသံကြားရုံနဲ့ မြတ်စိတ်တွေပလောင်ဆူသွားသည်။ချက်ချင်းဆိုသလို အတွေးတွေသည်လည်း ထိုးဖောက်ဝင်ရောက်လို့လာသည်။

"ဟယ်လို"

"ဘယ်သူလဲမသိဘူးဗျ"

      ဒီအသံသည် ဝဏ္ဏအသံဆိုတာ မြတ်သိခဲ့ပြီ။ အချိန်အားဖြင့် ရှစ်နာရီမိနစ်သုံးဆယ်တိတိ။ဒီလိုအချိန်မှာ ပန်းချီ့ ရဲ့ဖုန်းဟာ ဘာကြောင့် သူ့လက်ထဲရောက်နေရသလဲဟု မြတ်တွေးမိပေမဲ့ အဖြေပင်ရှာမရ။ရင်ထဲမှာတော့ မီးလုံးတွေပြေးလွှားနေသကဲ့သို့ပင်။ဦးနှောက်ကတော့ အတွေးတွေများနေမှုကြောင့် ရှုပ်ထွေးနေလေသည်။

"ဒီဖုန်းက တိမ်ပန်းချီမောင်ဖုန်း ဟုတ်တယ်မလား"

"ဟို အန်တီမလား"

"ဟုတ်ပါတယ်။တို့ သူ့ဇနီးပါ"

"သူက သန့်စင်ခန်းခဏသွားတယ်ဗျ။ဘာပြောပေးရမလဲ"

"ရပါတယ်နောက်မှပဲပြန်ဆက်လိုက်တော့မယ်"

      ဖုန်းချပြီးသည်နဲ့ မြတ်ရင်တွေပူလောင်လို့လာသည်။ရင်ထဲမှာ ပူပြင်းလွန်းသည့် မီးတောက်တွေလောင်ကျွမ်းနေသလိုပင်။အတွေးတွေကလည်း တောက်လျှောက်ပင်တိုးဝင်လာခဲ့သည်။ပန်းချီနဲ့ဝေးနေတာပင် မကြာသေးပဲ ရလိုက်သည်က ဒဏ်ရာတစ်ခုသာ။ဘဝမှာ ဘယ်တုန်းကမှမဖြစ်ဖူးသည့် ဒေါသတွေကလည်း တဟုန်တိုးထွက်လာခဲ့သည်။ရင်ထဲမှနာကျင်မှုက မျက်ရည်စအဖြစ်သဏ္ဍာန်ပြောင်းကာ မျက်ဝန်းအိမ်မှာဆို့နေသည်။
တွေးနေသည့်အတွေးတွေမှာလည်း ဦးနှောက်နဲ့ပင်ဆံ့တော့မည်မထင်။
     
       ထိုအသံကြားကတည်းက မြတ်နှလုံးသွေးတွေဆူပွက်လို့နေသည်။အသိစိတ်မှာသာ သူငယ်ချင်းလို့နားလည်နေပေမဲ့ မသိစိတ်ကတော့ ထိုသို့ နားမလည်နေပေ။ပန်းချီဆီ့မှ ယုယမှုတွေကိုသာ သဘောကျပေမဲ့ နာကျင်မှုကိုတော့ သဘောမကျပေ။အသိညဏ်ရှိပြီး ထက်မြက်သည့် မိန်းမတစ်ယောက်ဆိုပေမဲ့ အချစ်နဲ့ပတ်သက်ရင်တော့ ဘာကိုမှမှန်ကန်အောင်မစဉ်းစားတတ်တော့ပေ။မတွေးတောတတ်တော့ပေ။ဒါဟာ မှားသည်လို့ယူဆလို့မရပဲ အချစ်ကြောင့်သာဟု ယူဆရပေမည်။

"နှလုံးသား၏ စေခိုင်းရာ"(Completed)Where stories live. Discover now