မှိုင်းညို့နေတဲ့ တိမ်အစုအဝေးတွေသည် ကောင်းကင်ယံ၌ ဟိုတစ်စ၊ဒီတစ်စပင်။တညံညံဖြစ်နေတဲ့ မိုးခြိမ်းသံတွေကို မိနစ်ပင်မခြားပဲ ဆက်တိုက်ဆိုသလို ကြားနေရသည်။တဖြေးဖြေးနဲ့ မဲမှောင်လာသော ကောင်းကင်သည် မိုးရွာတော့မည့်ပုံပင်။သိပ်ပင်မကြာသေး ကျလာသည့်မိုးရေစက်တွေနဲ့အတူ အအေးဓာတ်ကို ခံစားလာရသည်။လိုက်ကာနဲ့ဖုံးကွယ်ထားသော မှန်တံခါးရဲ့လွတ်ဟာနေသော နေရာမှတဆင့်မြင်နေရသည့် မိုးရေးစက်တွေက အငြိုးတွေနဲ့ရွာနေသလို။အလိုက်သိစွာ ဖျော်လာပေးသည့် ကော်ဖီပူပူသည် အပြင်မှရာသီဥတုနဲ့လိုက်ဖက်စွာပင်။
"ကျေးဇူးပဲ မလေပြေ"
ကော်ဖီပူပူရဲ့အငွေ့တွေသည် ပန်းချီ့ မျက်နှာရှေ့ဝယ် ဖြတ်ပြေးလို့နေသည်။ဖမ်းဆုပ်မရသည့် ထိုအငွေ့အသက်က အမြန်ပင် လွင့်ပြယ်လို့သွားသည်။
"မိုးတွေကလည်း သည်းကြီးမည်းကြီးရွာနေလိုက်တာနော်"
"ဟုတ်ပါ့ မလေပြေရယ်"
ဖျော်ပေးထားတဲ့ကော်ဖီကို တစ်ငုံစာမျှသောက်လိုက်လေသည်။ခါးသက်သောကော်ဖီနဲ့အေးစက်သောရာသီဥတုဟာ လိုက်လျောညီစွာပင်။ဘေးမှဖုန်းကိုယူကာ နှိပ်လိုက်သည်က ချစ်ရသူ၏ဖုန်းနံပါတ်လေးသာ။တစ်စက္ကန့်...။နှစ်စက္ကန့်...။မကြာခင်ပဲ တုံ့ပြန်လာသည်ဆိုတာကို ချစ်ရသူ၏ အသံချိုချိုက သက်သေပြုလို့နေသည်။
"ဟယ်လို မောင်"
"အန်တီ အခု ရုံးမှာမလား"
"အင်းလေ မောင်ရဲ့။ဘာဖြစ်လို့လဲ"
"အပြင်မှာ မိုးတွေတအားရွာနေတာလေ။ အခန်းထဲမှာဆိုလည်း အဲကွန်းလေးလျော့ထားဦး။တော်ကြာ အအေးမိပြီး ဖျားနေမှာစိုးလို့"
ဖုန်းဆက်ပြီး ဂရုတစိုက်မှာကြားနေတဲ့ ချစ်ရသူကို မြတ်အချစ်ပိုရပြန်သည်။
"ဟော မောင်ရယ်။အန်တီက ဘာများဖြစ်လဲလို့"
"ဘာမှမဖြစ်ပါဘူး။မောင်က စိတ်ပူလို့လှမ်းပြောတာ"
ပန်းချီမမြင်တဲ့တစ်ဖက်မှာ မြတ် နှစ်ခြိုက်စွာ ပြုံးနေမိသည်။ချစ်ရသူ၏ဂရုစိုက်မှုသည် ကြည်နူးမှုကို ပေးစွမ်းလို့နေသည်။
ESTÁS LEYENDO
"နှလုံးသား၏ စေခိုင်းရာ"(Completed)
Ficción General"ရှင့်ကိုသိပ်မုန်းတယ် ဒေါ်မြတ်သဒ္ဒါသွေး"