မိုးကဒီနေ့မှခါတိုင်းထက်ပိုပြီးသည်းနေသယောင်ရှိတယ်။
အနက်ရောင်ဝတ်စုံတွေနဲ့ပူဆွေးသောကရောက်နေတဲ့လူတစ်စုအပေါ်မိုးရေရဲ့အေးစက်မှုကသက်ရောက်မှုရှိမနေဘူး..မကြာခင်မှာပဲစည်ခနဲငိုချလိုက်တဲ့ငိုယိုသံတွေနဲ့အတူပတ်ဝန်းကျင်ဟာအကျည်းတန်ခဲ့လျက် စီးကရက်တစ်လိပ်ကိုက်ခဲထားတဲ့နှုတ်ခမ်းပါးတို့မှာတည်တင်းလာခဲ့ရသည်။
"လေးစားပါတယ်ဗိုလ်မှူး...ကျုပ်ရဲ့အသက်သခင်ဖြစ်တဲ့ခင်ဗျားကိုဘယ်သောအခါမှမေ့ဖျောက်မှုမဖြစ်စေရဘူးလို့ကျုပ်ကတိပေးပါတယ်..မမလေးနဲ့ သခင်မကြီးကိုလည်းစိတ်ချပါ ကျုပ်နဲ့ဗိုလ်မှူးရဲ့တပည့်တပ်သားတွေကစောင့်ရှောက်ပေးမှာဖြစ်လို့...လိုရာခရီးကိုစိတ်ဖြောင့်ဖြောင့်နဲ့သွားပေးပါ.."
ကျလုဆဲဆဲမျက်ရည်အားမျက်ခွံတို့ပိတ်ချကာထိန်းသိမ်းရင်းအသက်မဲ့ခန္ဓာကိုယ်ရဲ့ဘေးတရှုံ့ရှုံ့ငိုကြွေးနေသူအမျိုးသမီးနှစ်ယောက်အနားသူတရွေ့ရွေ့ကပ်ကာသွားလိုက်တော့သည်။
"သခင်မကြီး...."
"ငါ့ကိုအငိုရပ်ဖို့မတိုက်တွန်းပါနဲ့ရှောင်း.."
စို့နင့်နေသည့်မျက်နှာနှစ်ခုအားမြင်ရသည့်အခါယောက်ျားအရင့်အမာကြီးဖြစ်လျက်မျက်ရည်ကဝဲလာမိပြန်သည်။
"အိမ်တော်ကိုပြန်ရအောင်ပါ ဗိုလ်မှူးအတွက်စီစဥ်စရာတွေရှိသေးတယ်ဆိုတာမမေ့လိုက်ပါနဲ့"
"ဒီအခြေအနေမှာဘယ်လိုအတွေးမျိုးကိုမှငါမတွေးနိုင်သေးဘူး..."
"မဖြစ်ပါဘူးသခင်မ..သခင်မကအစအခုလိုပျော့ညံ့နေမယ်ဆိုရင်မမလေးရင်ထဲမှာပိုလို့တောင်ပြိုလဲယိုင်နဲ့သွားရလိမ့်မယ်"
မိန်းမကြီးကသူ့ဆီဝမ်းနည်းစွာမျှော်ကြည့်လာခဲ့ပြီးမှတစ်ဖက်တွင်ကျုံ့ကျုံ့လေးထိုင်ငိုနေရှာသောမိန်းမလှလေးအားပွေ့ယူနမ်းရှိုက်လိုက်ရင်း..
"အိမ်တော်ကိုပြန်ကြမယ်ရူနာ..ရှောင်း..ကားအဆင်သင့်ပဲလား"
"အရာအားလုံးအဆင်သင့်ပါပဲသခင်မ..."
"ကောင်းပြီ..သွားရအောင်ရူနာ.."
မိန်းမပျိုကတစ်ခွန်းမျှပြန်မပြောလာပါပဲသူ့ကိုသာတစ်စိမ့်စိမ့်ကြည့်လို့အနက်ရောင်ဇိမ်ခံကားကြီးဆီထွက်ခွာသွားတော့၏။
