BTF(7)

819 24 0
                                    

ကျောင်းသားများ၏ နှစ်တစ်နှစ် အစဟာ ကျောင်းတက်ချိန်ဖြစ်သည်။ ခြောက်လပိုင်း မိုးဥတုရောက်ချိန်တွင် မိုးကာကိုယ်စီ၊ ထီးရောင်စုံလေးများကိုယ်စီဖြင့် စကားတပြောပြော၊ လူများတရောရောဖြင့် အဖြူအစိမ်းမောင်မယ်တို့ဟာ ဒလမြို့လေး၏ နေရာအနှံ့အပြားတွင် တွေ့မြင်နေရသည်။ လေညှင်းက တဖြူးဖြူး၊ မိုးပွားကလေးများဟာ တစ်စက်စက်ဖြင့် ‌မှောင်အုံ့နေသော ကောင်းကင်ပြင်ကြီးဟာ မနက်စောစောထရသည့် ကျောင်းသားများအပေါ် ရက်စက်ပေသည်။
မနက်စောစောမို့ ‌မင်းကို့ပိုင်တို့ ကျောင်းအနီးရှိ ဒေါ်ရှမ်းမဆိုင်သည် ကျောင်းသား၊ ကျောင်းသူများ အုံခဲနေလျက်ရှိသည်။ ထိုဆိုင်မှာ ကျောင်းသားတိုင်းအတွက် အလွန်ကို နှစ်ခြိုက်စွဲလန်းစေသော ရှမ်းခေါက်ဆွဲဆိုင်ဖြစ်ပြီး မနက်ပိုင်းတွင်သာ ဖွင့်လေ့ရှိသည်။ ထိုစွဲလန်းသူများတွင် မင်းကို့ပိုင်သည်လည်း အပါအဝင်ပင်။

သူက ကျောင်းကို ပြိုင်ဘီးလေးနှင့် လာလေ့ရှိပြီး ဒလမြို့၏ အခရာဖြစ်သော ဗိုလ်ချုပ်ပန်းခြံကို ကန့်လန့်ဖြတ်ကာ ပန်းခြံနှင့် မျက်နှာချင်းဆိုင် ရှမ်းခေါက်ဆွဲဆိုင်တွင် ထိုင်စားလေ့ရှိလေသည်။
ပန်းခြံဟာ လမ်းမတန်းနှင့်တစ်ပေါက်၊ ဖြတ်လမ်းငယ်လေးနှင့်တစ်ပေါက်၊ ကျောင်းလမ်းနှင့်တစ်ပေါက်နှင့် ရပ်ကွက်လမ်းငယ်လေးများထဲ ဝင်သည့် တစ်ပေါက်ဟူ၍ လေးဖက်လေးလံဆက်သွယ်သည့် ဝင်ပေါက်လေးခုရှိလေသည်။ ထိုကြောင့် မနက်ပိုင်းထိုပန်းခြံထဲ၌ ကျောင်းသား၊ ကျောင်သူများပြည့်နှက်နေတတ်ပြီး မနက်ခင်း လေ့ကျင့်ခန်းလုပ်သူများလည်း အုပ်စုများဖြင့် သူ့ဟာနှင့်သူ တဖွဲဖွဲ၊ တရုန်းရုန်း ရှိပေသည်။

" ‌အန်တီကြီး! ရှမ်းခေါက်ဆွဲ ကြက်သားနဲ့ အစပ်လျော့မယ် ပါဆယ်နော် "

" အေး သားရေ ရမယ် ခဏပဲ "

ဒေါ်ရှမ်းမကြီးသည် ဇလုံတစ်လုံးထဲတွင် ရှမ်းဖတ်များ၊ ရှမ်းချဉ်များကို ရောနယ်နေလျက် ကြက်သားများနှင့် ဆီချက်များကို အချိုးအစား စုံညီစွာ ထည့်လိုက်ပေသည်။ ဘေးတွင် သူမ၏ ဘီတာဖြစ်သော ယောကျာ်းဖြစ်သူသည် ခုံဝိုင်းသေးသေးလေးများတွင် အလုအယက် ထိုင်စားနေကြသော ကျောင်းသားများထံ စားပွဲများလိုက်ချနေပြီး ဟင်းရည်များကို ပါဆယ်ထည့်ပေးနေလေသည်။
သူမတို့ဆိုင်လေးဟာ မနက်ငါးနာရီထဲက စဖွင့်ပြီး မနက် ကိုးနာရီ၊ ဆယ်နာရီလောက်ဆို ပိတ်သွားတော့သည်။ ရောင်းသည့်အချိန် မနက်ပိုင်းခဏတာဆိုသော်လည်း သူမတို့အတွက် ရောင်းအားလျော့သည်ဆိုတာ မရှိပေ။
အရသာမှာ ဒလတစ်မြို့လုံးတွင် အကောင်းဆုံးဖြစ်သည့်တိုင်အောင် ဒလသူ၊ဒလသားများက ထိုဆိုင်လေးတွင် အမြဲ စုအုံနေတတ်သည်။ လူတအားများလာလို့ မနိုင်တော့သည့်အချိန်တွင် သူမယောကျာ်းဖြစ်သူဟာ တန်းစီခိုင်းပြီး ကျောင်းသား၊ကျောင်းသူများကို အရင်ဆုံး စားခွင့်ပေးလေ့ရှိ၏။
အဘယ်ကြောင့်ဆို ကျောင်းချိန်က ရှစ်နာရီဖြစ်သဖြင့် ကျောင်းသားများအတွက် အချိန်မမှီဘဲ မနက်စာလွတ်သွားမှာကို စိုးရိမ်ပေးတတ်ကြ၏။

Beyond The Friendship(Completed)Where stories live. Discover now