ပြန်ရောက်နေကျအချိန်ဖြစ်တဲ့ ညသန်းခေါင်ကျော် နှစ်ချက်ထိုးမှာ အိမ်ကို ဆောင်ဟွန်းပြန်ရောက်လာခဲ့တယ်။ ညဘက်ဆို ဆောင်ဟွန်းတို့ အိမ်မကြီးကို ဘယ်အလုပ်သမားမှဝင်ခွင့်မပြုထားသောကြောင့် လူနေတဲ့အိမ်လို့မထင်ရလောက်အောင် အိမ်ကြီးက ခြောက်ကပ်လွန်းလှသည်။ အခန်းရှိရာအပေါ်ထပ်ကို တက်လာရင်း ခြေလှမ်းတို့က နေ့စဥ်ပြုမူနေကျဖြစ်လို့ သဘာဝတကျနဲ့ပဲ ဆောင်ဟွန်းရဲ့အခန်းကိုကျော်၍ ဘေးကပ်ရပ်က အခန်းလေးထဲကို တိတ်ဆိတ်စွာဝင်ရောက်သွားခဲ့တယ်။
အိမ်မှာရှိနေလျှင် စောစောအိပ်တတ်တဲ့ဂျိတ်ခ်ကြောင့် ဆောင်ဟွန်းက ဒီလိုပြန်ရောက်ချိန်တိုင်းမှာ အခန်းပိုင်ရှင်မသိအောင် တိတ်တိတ်လေးဝင်သွားလေ့ရှိတယ်။ အိပ်ယာအဖြူလေးထက်မှာ ပူလောင်တဲ့အမုန်းတွေကင်းလျက် အေးချမ်းစွာအိပ်ပျော်နေတဲ့ ပုံရိပ်လေးဘေးမှာ ညှင်သာစွာထိုင်ချလိုက်ကာ မျက်နှာလေးကို ငေးကြည့်နေမိရင်း
" ငါတောင်းပန်ပါတယ် ကိုကိုရယ် "
နေ့တိုင်း၊ညတိုင်း တစ်ဖက်လူမသိအောင် တောင်းပန်ခြင်းတွေကို ဆိုလေ့ရှိတာက ဆောင်ဟွန်းရင်ထဲမှာအနည်းငယ် သက်သာလိုသက်သာငြားဆိုတဲ့ အကြောင်းပြချက်ကြောင့်လားတော့သေချာမသိပေမဲ့ သူ့မှာ အဲ့ဒါလေးက အကျင့်တစ်ခုလို စွဲကပ်နေခဲ့ပြီ။ အလုပ်ကိစ္စနဲ့ ဂျိတ်ခ်ကပြန်မလာဖြစ်တဲ့ ညတွေဆိုရင်လည်း ပိုင်ရှင်မရှိတဲ့အခန်းထဲမှာ ဒီလိုပဲ သူ့မှာ တစ်ယောက်တည်း တောင်းပန်ခြင်းတွေကို အဆိုပြုလို့ နေလေ့ရှိတယ်။
ခဏလေးပါပဲ ထိုစကားလေးတစ်ခွန်းတည်းကို တိုးလျစွာပြောလိုက်လို့ စောင်ကို ဂျိတ်ခ်ရဲ့ပုခုံးနားလေးထိ သေချာစွာခြုံပေးလိုက်ရင်း ထိုအခန်းလေးထဲကပြန်ထွက်လာခဲ့လိုက်သည်။
ရေမိုးချိုးကာ ညအိပ်ဝတ်စုံကို ဝတ်ထားလို့ အိပ်ဖို့ရာအတွက်အဆင်သင့်ဖြစ်နေခဲ့သည့်တိုင် အိပ်မပျော်တဲ့ရောဂါခံစားနေရတဲ့ ဆောင်ဟွန်းက ညဥ့်နက်နေပြီဖြစ်တာတောင် အိပ်ဖို့ရာမဖြစ်နိုင်သေး။
ဆွဲတံခါးကို တွန်းဖွင့်လိုက်ပြီး ဝရံတာအပြင်ဘက်မှာ ထားထားတဲ့ ခုံလေးစီသို့ ဝိုင်ခွက်တစ်ခွက်ကို ယူကာ ထွက်ထိုင်လိုက်သည်။
YOU ARE READING
Not for me
Fanfictionပျော်ရွှင်စွာနဲ့ ကောင်းကောင်းရှင်သန်သွားပေးပါ ငါ မပိုင်တဲ့ ငါ့အပိုင်လေးရေ......