💍 15 💍

276 43 2
                                    

ကုမ္ပဏီကထွက်လာကတည်းက ဆောင်ဟွန်းရဲ့ကားနောက်ကနေ မသင်္ကာစရာ​ကောင်းတဲ့ကားတစ်စီးလိုက်လာတာကိုသတိထားမိခဲ့တယ်။

မေမေလွှတ်ထားတဲ့နောက်ယောင်ခံလိုက်သူများလားလို့ သံသယဝင်မိတော့ မျက်ခြေဖြတ်ဖို့ရာအတွက် မောင်းလက်စကားအရှိန်ကို ပိုတင်ကာ မောင်းထွက်လာတဲ့ဆာင်ဟွန်းနောက်ကို ထိုကားကလည်း ထပ်ကြပ်မကွာလိုက်လာခဲ့သည်။

လမ်းကြောင်းပြောင်းဖို့ရာအတွက် တစ်ဖက်လမ်းကိုကွေ့ချလိုက်တဲ့နောက်ကိုလည်း ဆောင်ဟွန်းနည်းတူ ထိုကားက လိုက်လို့ကွေ့ချလာပေမဲ့ အရှိန်မထိန်းနိုင်ပဲ တဖက်လမ်းမှာရှိနေတဲ့ သစ်ပင်စီသို့ ဝင်တိုက်မိသွားတာကြောင့် အုန်းခနဲမြည်သံနှင့်အတူ ကြေမွသွားတဲ့ကားခေါင်းပိုင်းကို ဆောင်ဟွန်း
နောက်ကြည့်မှန်ကနေတစ်ဆင့်မြင်လိုက်ရသည်။

ဒီအတိုင်း မသိချင်ယောင်ဆောင်ထားခဲ့ရင် ရပါရဲ့နဲ့ကို ထိုကားထဲကလူတစ်ခုခုဖြစ်သွားမှာကို သူ မျက်ကွယ်မပြုနိုင်ခဲ့ဘူး။

ထို့ကြောင့် ကားကိုလမ်းဘေးမှာရပ်ထားခဲ့ပြီး ထိုကားစီသို့ပြေးသွားမိတဲ့ဆောင်ဟွန်းရဲ့ခြေလှမ်းတွေက ကားလမ်းမနဲ့ဖိနပ်အောက်ခြေတိုက်မိတဲ့အခါမှာ ထွက်လာတဲ့အသံတွေကကျယ်ကျယ်လောင်လောင်ပါပဲ။

ကြေမွသွားတဲ့ကားစီမှ ကားတံခါးကို ဆွဲဖွင့်တော့မဲ့ဆောင်ဟွန်းရဲ့လက်တွေက ကားထဲမှလူကိုကြည့်မိတဲ့အခိုက်မှာ လှုပ်ရှားမှုတွေရပ်တန့်သွားခဲ့ရသည်။

ပွင့်ထွက်နေတဲ့airbagနဲ့ထိုင်ခုံကြားမှာ ဦးခေါင်းထက်မှသွေးတွေစီးကျနေပြီး သတိလစ်မေ့မြောနေတဲ့သူဟာ အမျိုးသမီးတစ်ယောက်။ တစ်နည်းပြောရရင် ဆောင်ဟွန်းရင်းနှီးနေတဲ့သူ.......

"မေမေ!!!!"

ကြောင်အ နေရာကနေ သတိပြန်ကပ်လာချိန်မှာ ဆောင်ဟွန်းရဲ့အော်ဟစ်သံက တုန်ရီနေပြီး နှလုံးခုန်သံတွေကလည်း မတရားမြန်ဆန်လာခဲ့သည်။

"အရေးပေါ် အရေးပေါ် "

တုန်ရီနေတဲ့ခန္ဓာကိုယ်ကြောင့် အရေးပေါ်ကို ခေါ်ဆိုဖို့ရာအတွက် ဖုန်းဆက်ရာမှာလည်း ခက်ခက်ခဲခဲပါပဲ။ လောကကြီးတစ်ခုလုံး ကွဲအက်သွားသလိုမျိုး ဆောင်ဟွန်းကိုယ်တိုင်က သတိလက်လွတ်ဖြစ်နေခဲ့တယ်။

Not for meWhere stories live. Discover now