နီခီ့ကိုထားပြစ်ခဲ့ပြီးပြေးထွက်သွားတဲ့နေ့ကစပြီး ဂျိတ်ခ်ကို အကြီးအကျယ်စိတ်ဆိုးသွားသူ နီခီရယ်၊ နောက်ပြီး ဂျိတ်ခ်ဘက်ကလည်း တစ်စက်ကလေးမှအလျော့ပေးလိုခြင်းမရှိခဲ့တာရယ်ကြောင့် သူတို့နှစ်ယောက်ကြားမှာ ဒီရက်ပိုင်း ပြတ်တောက်မှုတွေဖြစ်နေခဲ့ကြသည်။
သူကတော့ အလုပ်လုပ်လိုက် အားရင် ဆောင်ဟွန်းရှိရာဆေးရုံစီသို့သွားလိုက်နဲ့ အလုပ်ရှုပ်နေခဲ့တာပါပဲ။ ဆောင်ဟွန်းမေမေက သတိရလာပြီဖြစ်ပေမဲ့ ဆေးရုံကဆင်းလို့မရသေးတဲ့အခြေအနေဖြစ်ပြီး လူနာစောင့်ဖို့ရာကလည်း ဆောင်ဟွန်းကလွဲပြီးမရှိတာကြောင့် ဆောင်ဟွန်းက နေ့ဘက်တွေကုမ္ပဏီသွားပြီး ညဘက်ဆို ဆေးရုံမှာပဲအိပ်လေ့ရှိတယ်။
ဒီနေ့လည်း ည7နာရီလောက်မှာ ဆောင်ဟွန်းရှိရာဆေးရုံစီသို့ ဂျိတ်ခ်ရောက်လာခဲ့သည်။ အခန်းတံခါးကိုတွန်းဖွင့်ပြီးဝင်လာတဲ့အခါ ခါတိုင်းလိုကြိုဆိုနေကြမျက်ဝန်းနက်တွေက ဒီနေ့တော့ နှမြောတွန့်တိုစွာပုန်းလျိုးလို့နေကြပါရဲ့။
ဆောင်ဟွန်းမေမေကလည်း ကုတင်ထက်မှာအိပ်ပျော်နေပြီး တစ်စုံတစ်ယောက်ကလည်း ဆိုဖာပေါ်မှာ ခြေချိတ်ထိုင်ရင်းနဲ့ဆိုဖာနောက်မှီပေါ်ကို ခေါင်းကိုလှန်တင်ထားရင်း မှေးနေသည်။
ခြေလှမ်းတွေကို အသံမထွက်အောင် ဖွဖွနင်းလို့ ဆောင်ဟွန်းရှိရာစီသို့သွားကာ နှိုးဖို့ကြံရွယ်လိုက်ပေမဲ့ ပုံမှန်ထက်သွေးရောင်သန်းကာနီရဲနေတဲ့မျက်နှာချောချောကိုမြင်လိုက်ရတဲ့အခါ ပုခုံးကိုပုတ်ဖို့လှမ်းလိုက်တဲ့လက်တွေက လမ်းကြောင်းပြောင်းသွားခဲ့ပြီး ဆောင်ဟွန်းရဲ့နှဖူးထက်သို့ ရောက်ရှိသွားခဲ့သည်။
ပူခြစ်လို့နေတဲ့ကိုယ်အပူချိန်က ဂျိတ်ခ်ရဲ့လက်ဖဝါးကို မီးစဖြင့်ထိုးလိုက်သလိုမျိုး ဆစ်ကနဲတွန့်သွားစေခဲ့သည်။ ထို့နောက် လက်ဖဝါးနွေးနွေးရဲ့ဖမ်းဆုပ်ခြင်းခံလိုက်ရတဲ့ ဂျိတ်ခ်ရဲ့လက်ကောက်ဝတ်လေး....
"ဆောင်ဟွန်း မင်း ကိုယ်တွေပူနေတယ်"
"အင်း ဖျားချင်နေတာထင်တယ်"
YOU ARE READING
Not for me
Fanfictionပျော်ရွှင်စွာနဲ့ ကောင်းကောင်းရှင်သန်သွားပေးပါ ငါ မပိုင်တဲ့ ငါ့အပိုင်လေးရေ......