ကမ္ဘာလုံးဆိုင်ရာရှင်သန်ခြင်း
အပိုင်း (151)
ချူဖုန်းက ထိုစကားကြားလိုက်ချိန်တွင် နားလည်သွားကာ သူ့၏ ဓားကိုလွှဲယမ်း၍ နံပါတ်နှစ်အား အားကုန်တိုက်ခိုက်လိုက်သည်။
"စီနီယာနံပါတ်နှစ် သတိထားပါ"
နံပါတ်နှစ်က ချူဖုန်း ပြောလိုသည့်အဓိပ္ပါယ်ကိုသိလိုက်သောကြောင့် အနည်းငယ်ပြုံးလိုက်ကာချူဖုန်းအားပြန်လည်တိုက်ခိုက်လိုက်သည်။
ထိုအချိန်တွင် ဆံပင်ရွှေရောင်နှင့်လူငယ်လေးက သူ့နှုတ်ခမ်းကို သပ်လိုက်ကာ လေတစ်ချက်အဝှေ့၌ အဝေးသို့ရောက်သွားသည်။
"မင်းတို့တိုက်နေကြပြန်ပြီလား၊ ဆေဘာကျွမ်းကျင်သူတွေက တကယ့်ကို အရူးတွေပဲ ၊ အားနေတိုက်ပဲ တိုက်နေကြတာပဲ ၊ မင်းတို့မှာတခြားလုပ်စရာမရှိဘူးလား၊ မင်းတို့ မပင်ပန်းကြဘူးလားကွာ"
သို့သော်လည်း သူ့ကို ဘယ်သူကမှ ဂရုမစိုက်ကြပေ။
ချူဖုန်းက သူ့၏ဆေဘာနည်းစနစ်ကိုသာ အာရုံအပြည့်စူးစိုက်ထားသည်။ စီနီယာနံပါတ်နှစ်ကို ဒဏ်ရာရအောင်လုပ်မိမှာ စိုးရိမ်စရာမလိုသောကြောင့် သူအားကုန်တိုက်ခိုက်နိုင်သည်။
ဒီအချိန်က လွန်ခဲ့သည့် သုံးရက်အတွင်းသူလေ့လာထားသမျှကို စမ်းသပ်စစ်ဆေးရမည့်အချိန်ဖြစ်သည်။ဆေဘာနည်းစနစ်သီးသန့်ကိုသာအသုံးပြု၍တိုက်ခိုက်လိုက်သည်။
လက်နက်များကအချင်းချင်းထိခတ်မိသောကြောင့် ဆူညံ့သံများပင်ထွက်ပေါ်နေသည်။ချူဖုန်းက အလွန်ကိုပျော်ရွှင်နေမိသည်။
ပတ်ဝန်းကျင်တွင် ပျံ့နှံ့နေသောဆေဘာအော်ရာများကြောင့် ချူဖုန်းခြေထောက်အောက်ရှိ မြေပြင်ပင်လျှင် တုန်ခါလာခဲ့သည်။
ထိုအခိုက်အတန့်တွင် ချူဖုန်းက ကွဲပြားခြားနားသော ခံစားချကိကိုရရှိလိုက်သည်။သူအရင်တုန်းက တစ်စုံတစ်ခုလိုနေသလိုခံစားခဲ့ရသောခံစားချက် ကပျောက်ကွယ်သွားကာ သူ့၏ ဓားချက်တစ်ချက်စီတိုင်းက သူ့စိတ်နှင့် ချိတ်ဆက်နေပြီး သူတို့ကိုယ်ပိုင် အသက်ရှိနေသလိုထင်မိနေသည်။
သူ့ပြိုင်ဘက်၏ အားနည်းချက်များကို တွေးတောနေစရာမလိုပဲ အလိုလိုတိုက်ခိုက်နိုင်လာသည်။
တကယ့်ကို မယုံနိုင်စရာပင်၊ သူနောက်ဆုံးတော့လုပ်နိုင်သွားခဲ့ပြီ။
ထိုစွမ်းအားက ဆေဘာဝိညာဥ်တစ်ခု၏ အကျိုးသက်ရောက်မှုဖြစ်သည်။ချူဖုန်းက တိုက်ခိုက်လေလေ ပို၍ စိတ်လှုပ်ရှားမိလာလေလေဖြစ်နေသည်။
ဆေဘာဝိညာဥ် ကလည်း ဟိန်းဟောက်လိုက်ပြီး ချူဖုန်း၏ ဓားထက်တွင် မှိန်ဖျော့နေသော နဂါးခေါင်းတစ်ခုအဖြစ် ပေါ်ထွက်လာခဲ့သည်။
နဂါးဝိညာဥ်က နှစ်ပေါင်းများစွာအိပ်စက်နေပြီးဒီနေ့မှ အလင်းရောင်ကိုပြန်မြင်ရခြင်းဖြစ်သည်။ သူက ရင်းနှီးနေသောတိုက်ပွဲအငွေ့အသက်များကိုရလိုက်ချိန်တွင် ပျော်ရွှင်သွားကာ ချူဖုန်းနှင့်အတူပူးပေါင်းကာ တိုက်ခိုက်လိုက်တော့သည်။
နံပါတ်နှစ်က ကူကယ်ရာမဲ့စွာသက်ပြင်းချလိုက်မိသည်။
"မျှော်လင့်ထားတဲ့အတိုင်းပဲဆေဘာဝိညာဥ် က သူ့နောက်ကို လိုလို လားလား လိုက်နေတာပဲ ၊ ရပြီးတာနဲ့တစ်ခါတည်း အသုံးချနိုင်ပြီးတော့ သူက သူ့ကို သုံးဖို့တောင်တိုက်တွန်းနေတာပဲ"
သာမန် သိုင်းပညာရှင်တစ်ယောက်က ကံကောင်းလွန်းလျှင်ဆေဘာဝိညာဥ်ကို ရနိုင်သော်လည်း လိုက်လျောညီထွေဖြစ်ရန်က နောက်ပိုင်းတွင် ကြီးမားသော အခက်အခဲတစ်ခုဖြစ်သည်။
လိုက်လျောညီထွေမှုမရှိပဲ တိုက်ပွဲတွင် အသုံးပြုခဲ့လျှင် ထိုလူ၏ စွမ်းအားကိုပါ နိမ့်ကျသွားစေနိုင်ပြီး ဆေဘာဝိညာဥ်က ဝန်ထုပ်ဝန်ပိုးပင် ဖြစ်လာနိုင်သည်။
ချူဖုန်း၏ လက်ရှိအခြေအနေက လူပေါင်းများစွာ အိမ်မက်မက်၍ တောင်းတနေသောအခြေအနေတစ်ခုဖြစ်သည်။
တိုက်ပွဲက တစ်နာရီကျော်ကြာသွားခဲ့သည်။ချူဖုန်း က မောဟိုက်လာသောကြောင့် တိုက်ခိုက်ခြင်းအားရပ်တန့်လိုက်သည်။ချူဖုန်းက မောပန်းနေသော်လည်း စိတ်လှုပ်ရှားနေမိသည်။
လွန်ခဲ့သည့် သုံးရက် ချောက်နက်ထဲကို မလာခင်အချိန်တုန်းက ထက်သူ့စွမ်းအားက နှစ်ဆတိုးသွားခဲ့ပြီဖြစ်သည်။
မြို့တော်အားကစားကွင်းတွင်ရှိနေစဥ်တုန်းက ချူဖုန်းက အကြီးအကဲမို အားသတ်ဖြတ်ရန်အတွက် ကံကောင်းမှုတစ်ချို့ကိုမှီခိုခဲ့ရသည်။
ထိုလူသာ ပြန်လည်ရှင်သန်လာနိုင်ပါက အခုချိန်တွင် ထိုသူကို ဓားတစ်ချက်တည်းဖြင့် သတ်နိုင်လိမ့်မည်ဟု ချူဖုန်းက ယုံကြည်နေမိသည်။
ချူဖုန်း၏ လက်ရှိသန်မာမှုက ဝိညာဥ်အသွင်းပြောင်းလဲခြင်း အဆင့် ရှစ် ဒါမှမဟုတ် အဆင့်ကိုး လောက်ရှိသည်။
တခြားသော ရှု့ထောင့်များတွင် သူက ဝိညာဥ်အသွင်ပြောင်းလဲခြင်းအထိဋ်အထိပ်အဆင့်များနှင့် ကွာခြားချက်များရှိသော်လည်း တိုက်ပွဲစွမ်းရည်နှင့် ပေါက်ကွဲနိုင်စွမ်းများတွင် သူက ထိုလူများထက်အားမနည်းပေ။
ထို့အပြင်သူကျင့်ကြံတာကသုံးရက်သာရှိသေးသည်။သေချာတွေးကြည့်လျှင် ဒီထဲတွင် အချိန်ကိုမြန်ဆန်ထားသောကြောင့် ပြင်ပကမ္ဘာတွင် နေ့တစ်ဝက်သာကြာသေးသည်။
အရူးတစ်ယောက်လိုသွားကြီးဖြီးကာရယ်နေသော ချူဖုန်း ကိုကြည့်လိုက်ချိန်တွင် နံပါတ်နှစ်၏ မျက်လုံးများထဲတွင် ရှားရှားပါးပါး ကျေနပ်မှုများပေါ်လာခဲ့သည်။
သူက ချူဖုန်း ၏ သန်မာမှုကိုဂရုမစိုက်ပေ။ချူဖုန်း ၏ ဓားနှင့်ပတ်သတ်သည့်အရည်အချင်းကိုသာ အာရုံစိုက်ခြင်းဖြစ်ပြီး အထူးသဖြင့် ချူဖုန်း၏ ဖြူစင်သောနှလုံးသားကြောင့် ဓားကိုပိုမိုနားလည်လွယ်နိုင်သဖြင့် သူက ချူဖုန်းကို ရတနာတစ်ခုလို သဘောထားခြင်းဖြစ်သည်။
ထို့ကြောင့်လည်း သူကချူဖုန်းကိုသင်ပေးရာတွင်အနည်းငယ်မျှထိမ်ချန်ထားခြင်းမရှိပေ။
သူ့လက်ထဲမှ ဓားပညာ၏ စစ်မှန်သော ကျွမ်းကျင်သူတစ်ယောက်ထွက်ပေါ်လာစေရန်ကို သူအလိုရှိလှသည်။
ဘယ်လောက်တောင်ကျေနပ်စရာကောင်းလိုက်မလဲ။
"ကောင်းပြီ အရူးလို ရယ်နေတာကို ရပ်လိုက်တော့ "
နံပါတ်နှစ်က ဖြည်းညှင်းစွာဖြင့်ဆက်၍ ပြောလိုက်သည်။
"မင်းရဲ့ ဒီနေရာမှာယာယီလေ့ကျင့်တာက ပြီးဆုံးသွားပြီ ၊ မင်းက လျှင်လျှင်မြန်မြန်နဲ့ တိုးတက်လာတယ်ဆိုပေမယ့် ကျေနပ်နေလို့ မရဘူး၊ သိပ်မဝေးတော့တဲ့အချိန်ကျရင် မင်းငါ့ပုံရိပ်ကိုတိုက်ခိုက်ပြီး အနိုင်ယူနိုင်ရမယ်၊ နားလည်လား"
"နားလည်ပါတယ်"
ချူဖုန်းက စိတ်ပျက်အားလျှော့ခြင်းမရှိပေ။ သူသွားရမည့်လမ်းက အရှည်ကြီး ကျန်နေသေးသောကြောင့် သူ့တွင် တိုးတက်နိုင်ချေများစွာရှိနေသည်။
ထို့နောက်တွင် နံပါတ်နှစ်၏ အသံအား ဆက်၍ ကြားလိုက်ရသည်။
"နဂါးဝိညာဥ်ရဲ့ အသိအမှတ်ပြုမှုကို ရနိုင်ခဲ့တာက မင်းအတွက် အကောင်းဆုံးအခွင့်အရေးပဲ ၊ အဲ့ဒါကိုမဖြုန်းတီးမိစေနဲ့ ၊ အနာဂတ်မှာ မင်းရဲ့ မြင့်မြတ်ဆန္ဒက အားကောင်းလာရင် အဆုံးသတ်ဆေဘာ ထဲကို မင်းစိတ်ဆန္ဒ ပို့လွှတ်ပြီး ဆေဘာဝိညာဥ်ရဲ့ စွမ်းအားကို ခံစားကြည့်လိုက်ပါ ၊ အဲ့တာက မင်းကို အနာဂတ်မှာ ဆေဘာအော်ရာကို နားလည်ဖို့အတွက် ကြီးကြီးမားမား အကျိုးပြုလိမ့်မယ်"
ချူဖုန်း ကခေါင်းညိတ်လိုက်မိသည်။
ဆေဘာစွမ်းအားလား။
ဆေဘာကိုးစင်းအားလှိုင်းအနုပညာ၏ အဆင့်ခြောက်သို့ရောက်လျှင် ဆေဘာစွမ်းအားကိုရရှိမည်ကိုချူဖုန်းကမှတ်မိလိုက်သဖြင့် ကြိုတင်ပြင်ဆင်ထားရန် ဆုံးဖြတ်လိုက်သည်။
"ပြီးတော့ အနာဂတ်မှာ အခွင့်အရေးရှိရင် နဂါးဝိညာဥ်ကို နေရာပြောင်းပေးလိုက်ပါ ၊ မင်းရဲ့ အဆုံးသတ်ဆေဘာက နည်းနည်းအားနည်းလွန်းတယ်၊ ဒါက သူ့ရဲ့ အနာဂတ် ခွန်အားတိုးတက်မှုကို ထိခိုက်စေလိမ့်မယ်"
"ဟုတ်ကဲ့"
ဒါက အတွေ့အကြုံများသော စီနီယာ နှစ် ၏အကြံပေးချက်များဖြစ်သောကြောင့် ချူဖုန်း ကဂရုတစိုက်နားထောင်လိုက်သည်။
စီနီယာနှစ်က ချူဖုန်းသူ့စကားအား သေချာနားထောင်နေသည်ကိုတွေ့လိုက်စဥ်တွင် ပြုံးလိုက်မိသည်။သူက မြေပေါ်တွင် ပျင်းရိစွာ ပုရွတ်ဆိတ်တွေနှင့် ဆော့နေသည့် သူ့ညီကို လက်ညှိုးထိုးပြလိုက်ကာ
"ကောင်းပြီ ၊ မင်းအတွက် နောက်အလှည့် နည်းပြက သူပဲ ၊ သူ့နောက်ကို လိုက်သွားလိုက်ပါ"
"သူလားးး"
ချူဖုန်း၏ မျက်လုံးများက ပြူးကျယ်သွားကာ အမှတ်တမဲ့မေးလိုက်မိသည်။သူက ထိုလူငယ်၏ စွမ်းအားက နောက်ဆုံးအဆင့်တွင်ရှိနေကြောင်းကို ခံစားမိနေသည်။
ရွှေရောင်ဆံပင်နှင့် လူငယ်လေးက သူ့အဝတ်အစားရှိ ဖုန်များကို သုတ်လိုက်ကာ မပျော်မရွင်နှင့် ထရပ်၍ နာခေါင်းရှုံ့လိုက်သည်။
"ကလေးမင်းငါ့ကို နှိမ်ချပြီးမကြည့်နဲ့ ၊ ဒုတိယအကိုက မင်းကိုသန်မာလာအောင်ပထမဆုံးသင်ပေးတာက မင်းရန်သူတွေကို သတ်ဖို့နဲ့ ကိုယ့် ကို ကိုယ် ကာကွယ်ဖို့ပဲ၊ တကယ်လို့ မင်းရန်သူက စွမ်းအားကြီးလွန်းရင်ကော မင်းထွက်ပြေးရမှာပဲလေ၊ ငါက မင်းကို မင်းအသက်ကို ကယ်တင်ပေးနိုင်မယ့် စွမ်းရည်ကို သင်ပေးမှာ
ငါတို့နဲ့ လေ့ကျင့်နေလို့ မင်းဘဝက အန္တရာယ်မရှိတော့ဘူးလို့ မတွေးနဲ့၊ ငါမင်းကိုပြောပြမယ် ၊ မင်းရဲ့ အနာဂတ်ကျင့်ကြံခြင်းလမ်းက ခုလက်ရှိထက် အန္တရာယ်တွေအများ အများကြီးကို ရင်ဆိုင်ရလိမ့်မယ်၊ သိပ်နောက်မကျခင်မှာ ငါ့ဆီက ကောင်းကောင်းသင်ထား ၊ အဲ့တာမှ မင်းကိုယ့်အသက်ကို ကယ်နိုင်လိမ့်မယ်"
ချူဖုန်းနဂိုက ဒီလူများက သူ့အတွက် အထူးလေ့ကျင့်ရေးများကိုဒီအတိုင်း ပေါ့ပေါ့တန်တန် စီစဥ်ပေးထားသည်ဟု ထင်မိခဲ့သော်လည်း အခုအခါတွင် နောက်ကွယ်၌ အကြောင်းပြချက်များရှိနေသည့်ပုံပင်။
ချူဖုန်းဘာမှမပြောရသေးခင် ဆံပင်ရွှေရောင်နှင့် လူငယ်က ဆက်လက်၍
"မင်းမှာပြင်ဆင်စရာ ဘာမှမရှိတော့ရင် ငါတို့နောက်မကျခင်သွားကြရအောင်"
"ငါတို့ ဘယ်ကိုသွားကြမှာလဲ"
နောက်ဆုံးတော့ ချူဖုန်းက မေးလိုက်မိသည်။ ထိုအချိန်တွင် ဆံပင်ရွှေရောင်နှင့်လူ လေးက ပေါ့ပေါ့တန်တန်ပင်
"ငါတို့ မသေမျိုးနယ်မြေက လမ်းကြောင်းတစ်ခုငှားပြီး ချောက်နက် အဆင့် ရှစ် ကိုသွားကြမှာလေ"
ထိုစကားများကြားချိန်တွင် ချူဖုန်းက အံ့သြသွားကာ
"ဘာလို့ မသေမျိုးနယ်မြေနဲ့ ချောက်နက် အဆင့် ရှစ်လဲ "
"ဘာလဲ ပြဿနာရှိလို့လား"
"မဟုတ်ပါဘူး ၊ ကျွန်တော်ထင်တာက ကျွန်တော်လေ့ကျင့်တာ မအောင်မြင်သေးခင်အထိ အပြင်မထွက်ရဘူးထင်မိလို့ပါ"
ထိုအချိန်တွင် ရွှေရောင် ဆံပင်နှင့် လူငယ်က သူ့နှုတ်ခမ်းကိုသပ်လိုက်ကာ အထင်သေးစွာဖြင့်
"မင်းကိုငါပြောပါတယ် အကြီးအကဲလော ကအိုနေပြီလို့ ၊ သူအသက်ကြီးတော့ .....သက်သောင့်သက်သာ နေနေတယ်
မင်းကို တစ်ချို့အရာတွေ ကိုသေချာမရှင်းပြခဲ့ဘူး ၊ မင်းက ကျိန်းသေပေါက်အပြင်ထွက်လို့ရတယ် ၊ ဒါပေမယ့် ငါတို့နောက်က လိုက်ဖို့တော့လိုတယ်၊
ငါတို့ရဲ့ဖြစ်တည်မှုကို အပြင်လူတွေသတိမထားမိအောင်နေရမယ်၊ ငါတို့ရဲ့တည်ရှိမှုတွေကို ထုတ်ပြလို့မရသေးဘူး ၊ အဲ့တာဆို နားလည်ပြီလား"
ချူဖုန်း ကခေါင်းညိတ်ပြလိုက်သည်။သူကရုတ်တရက် အလွန်အရေးကြီးသောမေးခွန်းတစ်ခုကိုသတိရလိုက်ကာမေးလိုက်သည်။
"ငါတို့အပြင် ထွက်သွားရင် အချိန်စီးဆင်းမှုကကော......"
"အဲ့ဒါကိုစိတ်ပူမနေနဲ့ ငါတို့မင်းအတွက် အားလုံးပြင်ဆင်ပြီးသွားပြီ မင်းဘယ်နေရာကိုပဲသွားသွား အကြီးအကဲလော ကအချိန်အတားအဆီးတစ်ခု မင်းအတွက် လုပ်ပေးထားတယ်"
ချူဖုန်း အသက်ကို ပြင်းပြင်း ရှုလိုက်မိသည်။ ထိုကဲ့သို့သောစွမ်းအားများက သူ့၏ နားလည်နိုင်စွမ်းထက်ကျော်လွန်နေသည်။
"ငါတို့က ဘာလို့ ချောက်နက် အဆင့်ရှစ်ကို သွားကြမှာလဲ"
ရွှေရောင်ဆံပင်နှင့်လူငယ် ကဂရုမစိုက်စွာ
"ငါမင်းနဲ့ လောင်းကြေးရှုံးထားလို့ မင်းကို ရတနာတစ်ခုပေးဖို့အကြွေးတင်နေတယ်၊ အဲ့တာကြောင့်မို့လို့ ဒီအခွင့်အရေးကိုယူပြီး မင်းကို ရတနာတစ်ခုပေးမလို့ ၊ငါက တစ်ယောက်ယောက်ကို ကတိပေးပြီးရင် ငါ့စကားကို ငါပြန်မရုတ်သိမ်းတက်ဘူး"
ချူဖုန်း ၏မျက်လုံးများကတောက်ပသွားသည်။ သူ့အိမ်ရှေ့ထိလာပို့သော ရတနာကိုမှ သူမယူလျှင် ဖြုန်းတီးမှုတစ်ခုဖြစ်သွားလိမ့်မည်။
သူက ကူကယ်ရာမဲ့စွာမေးလိုက်သည်။
"အဲ့ဒါဘယ်လို ရတနာမျိုးလဲ"
ထိုမေးခွန်းက ရွှေရောင်ဆံပင်နှင့်လူငယ် ကိုအနည်းငယ်ငိုင်သွားစေသည်။ ခဏကြာမှ သူက ဝေဝေဝါးဝါးဖြင့်
"ငါမှတ်မိသလောက်ဆိုရင်တော့ အဲ့တာက ဖိနပ်တစ်ရံပဲ ၊ အသေးစိတ်ကိုတော့ငါလည်းမမှတ်မိတော့ဘူး ၊ ဒါပေမယ့် မင်းစိတ်မပူပါနဲ့ အဲ့ဖိနပ်ကို တစ္ဆေနတ်ဆိုးမျိုးနွယ် အစဥ် အဆက်က စောင့်ရှောက်လာတာဆိုတော့ ရတနာ ပစ္စည်းတစ်ခုဖြစ်မှာကျိန်းသေပဲ"
ချူဖုန်း က လဲကျမလိုပင် ဖြစ်သွားပြီး သူက အကူအညီ ကင်းမဲ့စွာအော်ဟစ်လိုက်သည်။
"မင်းပြောတဲ့ငါ့ကိုရတနာတစ်ခုပေးမယ်ဆိုတာ မင်းဟာမဟုတ်ဘူးပေါ့"
ရွှေရောင်ဆံပင်နှင့်လူငယ်လေး က ချက်ချင်းပင် သူ့ကိုယ်သူတရားမျှတသလိုပြန်လည်ပြောဆိုလိုက်သည်။
"ကောင်လေး မင်းဘာပြောတာလဲ ၊ငါကသူတို့ဆီမှာ ခဏလေးထားခဲ့ပြီးတော့ ငါလိုအပ်လို့ပြန်ယူတာလေ ၊ အဲ့တာကို ငါဟာမဟုတ်ဘူးလို့ မင်းဘယ်လိုသိလဲ ၊ ဒီကမ္ဘာမှာ တရားမျှတမှုရောရှိသေးရဲ့လားကွာ"
YOU ARE READING
ကမ္ဘာလုံးဆိုင်ရာရှင်သန်ခြင်း(1 to ongoing)
Adventureအဟမ်း အားလုံးပဲမဂ်လာပါဗျစာစဥ်လေးတစ်ခုနဲ့မိတ်ဆက်ပေးပါရစေ၊စနစ်ပုံစံလေးပေါ့ဗျာ၊နိုင်ငံAမှာမိုင်းတွင်းတူးဖော်တဲ့အလုပ်သမားတွေကနတ်ဆိုးတွင်းနက်ကြီးတစ်ခုကိုတူးဖော်မိသွားတယ်၊ကမ္ဘာကြီးမှာဝိညာဥ်စွမ်းအင်တွေထွက်ပေါ်လာတယ်၊အဲ့လိုပဲနတ်ဆိုးတွေလည်းပေါ်ပေါက်လာခဲ့တယ်။ရ...