အပိုင်း (၁၁) စားသောက်ပွဲကျင်းပမယ်
“ဝေဖျင် မင်း အစားအသောက် မဝယ်ဘူးလား၊ ငါတို့တွေ နောက်တစ်နေရာကို ရောက်တဲ့အချိန်ကျရင် အရမ်းနောက်ကျသွားလိမ့်မယ်၊ မင်း အစားအသောက်မရှိရင် ဘာမှလုပ်လို့မရဘူးနော်၊ မင်းက ယာယီအလုပ်သမားဆိုရင်တောင် တစ်နေ့ကို ထောက်ပံ့ပေး ၃ ကျောင် ရနိုင်တယ်လေ၊ မင်း အားလုံးကို စုထားစရာမလိုပါဘူး၊ ဆန်ကြမ်းနဲ့လုပ်ထားတဲ့ မန်ထိုက သုံးခုမှ ၁ ကျောင် ပဲပေးရတာ၊ မင်း စားဖို့ လောက်ပါတယ်ကွ”
သည်တစ်ကြိမ်တွင် သယ်ယူပို့ဆောင်ရေးအဖွဲ့တွင် လူလေးယောက်ပါလေသည်။ သူသည် မနက်ခင်း စောစောက ထွက်လာခဲ့ပြီး နေ့လယ်တွင် စီရင်စုမှ ထွက်လာခဲ့သည်။ လီစန်းထျယ်က သူတို့ကို ညစာအတွက် အစိုးရပိုင် စားသောက်ဆိုင်တစ်ခုဆီ ခေါ်လာခဲ့သည်။ စုန့်ဝေဖျင်က ဘာမှ မဝယ်သည်ကို တွေ့လိုက်ရသဖြင့် သူက စုန့်ဝေဖျင်ကို နားချနေခြင်းပင်။
လူလေးယောက်တွင် အမဲသားတစ်ပွဲဝယ်လိုက်သည့် လီစန်းထျယ်မှ လွဲလျှင် ကျန်နှစ်ဦးကသာ ဂျုံဖြူမန်ထိုသုံးလုံး ဝယ်လိုက်ကြသည်။ သူတို့ထဲက ဘယ်သူကမှ လူချမ်းသာများ မဟုတ်ကြပေ။ ဂျုံဖြူမန်ထိုက သည်ရက်ပိုင်းတွင် ကြီးကျယ်သည့် အစားတနပ်ဟု မှတ်ယူရမည်။
စုန့်ဝေဖျင်က ခေါင်းခါပြလိုက်ပြီး
“တတိယအစ်ကိုလီ ကျွန်တော် အစားအသောက်နည်းနည်းပါးပါး ယူလာခဲ့ပါတယ်၊ ကျွန်တော် ဒီတစ်နပ်ကို ဝယ်ဖို့ မလိုဘူး”
တစ်ချက်အတွေးတွင် လီစန်းထျယ်က သွားများပေါ်အောင် ပြုံးလိုက်ပြီး
“ဟုတ်လိုက်လေ ကောင်လေး၊ အခု မင်းက မိန်းမရှိသွားပြီဆိုတော့ မင်းကို ချစ်ပေးမဲ့လူတစ်ယောက် ရှိသွားပြီပေါ့လေ၊ မင်းက အစားအသောက်တောင် ယူလာခဲ့တယ်ပေါ့”
အမှန်တွင်တော့ အရင်က အစားအသောက် ယူလာတတ်သည့် လူများရှိကြသော်လည်း အမြဲတမ်း ဝေါ်ထို (ပြောင်းပေါင်မုန့်) အသီးအရွက်ပန်ကိတ်လိုမျိုးသာ ယူလာတတ်ကြလေသည်။ ထိုအစားအသောက်များက အချိန်ကြာလာသည်နှင့် မာကျောလာသည်။ သူ့နောက် လိုက်ကြသူအားလုံးက လူငယ်များဖြစ်ပြီး မျက်နှာလှချင်ကြသည်။ တခြားသူများက မန်ထိုစားနိုင်သည်ကို မြင်ရတော့ သူတို့လည်း တဖြည်းဖြည်းနှင့် ကိုယ်ပိုင်အစားအသောက်များကို မယူလာကြတော့ပေ။ မည်သို့ဆိုစေ သယ်ယူပို့ဆောင်ရေးအဖွဲ့က ထောက်ပံ့ကြေးပေးသည်။ ထို့ကြောင့် ခရီးထွက်လျှင် တစ်ခုခု စားသောက်သည်က မလွန်ချေ။
YOU ARE READING
၇၀ ခုနှစ်က နုနယ်သောဇနီးလေး
Romanceရွှီရှောင်ကျောင်းတစ်ယောက် ပျင်းပျင်း ရှိတာနဲ့ ခေတ်ဟောင်းစာအုပ်တစ်အုပ်ကို ဖတ်နေလိုက်တယ်။ တစ်ရေးလေးအိပ်လိုက်တာ သူမခင်မျာ အဲစာအုပ်ထဲက အမြောက်စာအဖြစ် ကူးပြောင်းသွားရသတဲ့။ မူလခန္ဓာကိုယ်ပိုင်ရှင် ကျောက်ရှောင်ကျောင်းက ကျေးရွာကို ပို့ခံလိုက်ရတဲ့ ကေဒါကလေးတစ...