“အကြောင်းမကြား ဘာမကြားနဲ့ ရုတ်တရက်ကြီး လာတယ်ဆိုတော့ ဧည့်ခံစရာ မုန့်က ဒီတစ်ခုပဲရှိတယ်၊သူဌေးသားက မရွံလောက်ပါဘူးနော်”
နှစ်ဦးသား၏ အရှေ့တည့်တည့်သို့ မမက ဈေးမှ ၀ယ်လာပုံရသော ရွှေကြည်ဆနွင်းမကင်းပန်းကန်ကို ချပေးသည်။လက်ဖက်အညွှန့်နှပ်ကြီး သပ်သပ်ပါသော ပန်းကန်လုံးကို ကိုယ့်ဘက်တိုးပေးပြီး ရေနွေးကရားတစ်လုံး ထပ်ချပေး၏။
“ကျွန်တော် မရွံတတ်ပါဘူး မမွန်”
သူက လက်ဖက်တစ်ဇွန်း ကော်စားပြီး ဆနွင်းမကင်းကိုလည်း တစ်တုံးတိတိ ပါးစပ်ထဲ မဆန့်မပြဲ ထည့်လိုက်သည်။သူ့အပြုအမူကိုကြည့်၍ ကိုယ်ပင် လည်ချောင်းထဲ နင်တင်တင်ဖြစ်သွား၏။
“အဆင်ပြေရဲ့လား မောင်လေး”
မမ၏ အမေးကို ကိုယ်က ခေါင်းအလျင်ဆတ်ပြမိသည်။
“ဟုတ် ပြေတယ် မမ၊ကျွန်တော်အခု သားနဲ့အတူနေနေတာ”
မမက သူ့ကိုတစ်ချက်သာ အာရုံပေး၍ ကိုယ့်ဘက်သို့ ခပ်ဆွေးဆွေး ကြည့်သည်။ကိုယ့်မျက်နှာသို့ကြည့်ရင်း မမ၏မျက်လုံးများတွင် မျက်ရည်ကြည်များ ရစ်သိုင်းလာသည်ကိုတွေ့တော့ သားနှင့်အတူတူရှိနေသည့်အကြောင်းကိုလည်း ထပ်တစ်ခေါက် ထည့်ပြော ပြရ၏။
“ဘယ်လိုဖြစ်ကြတာလဲ”
“ထယ့်ဘက်က အရင်စလှုပ်ရှားတယ်ဆိုပေမဲ့ ကျွန်တော့်ဘက်က လိုလားလို့ ထယ့်ကို သေချာခေါ်ထားတာ မမွန်၊နောက်ပြီး သားဟာ ကျွန်တော့်သားအရင်းဖြစ်မှန်း DNAစစ်ပြီးကတည်းက သိရပြီးပါပြီ”
ကိုယ့်အစား သူ ကြားဝင်ဖြေရှင်းပါသည်။တစ်
နေ့ည မမနှင့်ကိုယ် ဖုန်းဆက်တုန်းက သည်အကြောင်းတွေ ပြောပြီးကြပြီးပါပြီ။အကြမ်းဖျဉ်းအားဖြင့်တော့ မမလည်း အများကြီး သိပြီးနေပြီ။အခုကိစ္စက မမနှင့်ကိုယ် အဆက်အသွယ်ရှိထားနှင့်ကြောင်း သူ,မရိပ်မိအောင် မမက တမင်မေးခြင်းဖြစ်မှာပဲ။
“အခုမှ သိရသလားကွယ်။အစစ နောက်ကျနေပြီးမှ သိရတော့ ဘာတွေများ ထူးပြီး ကောင်းသွားလို့လဲ”
မမ၏မျက်နှာမှာ သိသိသာသာရှုံ့၍။အပြစ်တင်လိုဟန် စူးတက်သွားသော လေသံအကျတွင် သူကလည်း ခေါင်းကြီးငုံ့သွား၏။
