Receptionကောင်တာသို့ ကျွန်တော်ကိုယ်တိုင် ဆင်းတွေ့သည်။ရုံးခန်းထဲသို့ အ၀င်မခံ။ကျွန်တော်ရောက်တော့ အဘွားကြီးက ကောင်တာရှေ့ရှိ ခုံတန်းတွင် ငြိမ်ငြိမ်ကုပ်ကုပ် ကြုတ်ထိုင်နေပြီး ၎င်းနံဘေးတွင် မိရှုတစ်ယောက် Cream Puffဖြင့် သူ့မျက်နှာသူ တဘတ်ဘတ်ပုတ်ရင်း ဒူးချိတ်ထိုင်နေ၏။
“ဘာကိစ္စလဲ၊ကျွန်တော့်အကြွေး ပြန်လာဆပ်တာလား”
“မာမီ့သားလေးကို မျက်နှာမြင်ချင်လွန်းလို့ လာခဲ့တာပါကွယ်၊အကြွေးက သားလိုချင်ရင် ပြန်ဆပ်မှာပေါ့”
ကျွန်တော့်မျက်နှာဆီ ကြည့်မော့၍ လေးတွဲဖြည်းနွဲ့စွာဆိုသည်။ပါးချောင်နှစ်ဘက် ခွက်၀င်နေ၍ ပါး၏အရိုးက အပြင်သို့ ငေါထွက်နေ၏။မျက်တွင်းမှာ ဟောက်ပက်ဖြစ်၍ ယခင်က တင့်တယ်လှပခဲ့သော မျက်နှာမှာ ယခုမူ ပိန်ချုံးညှိုးချိ၍ နေလောင်ပန်းနှယ် နွမ်းနယ်လုပြီ။ဇရာထောင်းပြီလေ၊အိုစာပြီပေါ့။စိတ်ထောင်း၍ကိုယ်ကြေ ဆိုသကဲ့သို့ ဘ၀၏အထုအထောင်းအမျိုးမျိုးကို ခံခဲ့ရသည်လည်း ရှိမည်။သတင်းတွေ ကျွန်တော်ကြားမိသားပဲ။ကျွန်တော်တို့သားအဖထံက လှည့်ပတ်လိမ်ညာသွားသော ငွေအစုကို လူတစ်ယောက်က သူ့ထံက ထပ်ဆင့်လိမ်လည် သွားခဲ့သည်တဲ့။နောက်အိမ်ထောင် ထပ်ပြုသည်လည်း ကြားသည်။အိမ်ထောင်ဘက်က ကောင်းတော့ တင့်တင့်တယ်တယ် နေရပြန်သတဲ့။နှစ်နှစ်မကြာ နောက်အိမ်ထောင်ဆုံးသည်။ကျန်ခဲ့သော ငွေကြေးအလုံးအရင်းကို လုပ်ငန်းစုတစ်ခုထဲ ထည့်မြှုပ်ပြီးမှ ဘာအကြောင်းရှိသည်မသိ၊ငွေဆုံးပြန်သည်။စိတ်နောက်သွားပြီး စိတ်ကျန်းမာရေးဆေးရုံသို့ တင်ရပြန်သတဲ့။အတော်ရှုပ်သည့် ဇာတ်ရှုပ်ထဲ ဒေါ်ခေမာတစ်ယောက် အမျိုးမျိုးအဖုံဖုံ ကပြ အသုံးတော်ခံခဲ့သည်ပဲလေ။
“ပြန်ဆပ်မယ်ဆိုတာကလည်း ပါးစပ်ပြောနဲ့ဆို လွယ်တာပေါ့၊လက်တွေ့မှ မဟုတ်ဘဲ။အခုလာရင်းကိစ္စ ပြောပါအုံး။ဒီကုမ္ပဏီကို ခင်ဗျားက ခင်ဗျား၀င်ချင်တိုင်း၀င် ထွက်ချင်တိုင်းထွက်ချင်တိုင်း ထွက်လို့ရမဲ့ နေရာလို့ သတ်မှတ်ပြီး လာနေတာလား”
“ဟက် ဒီလိုဆို အိမ်ကို သွားရမှာလား၊ရတယ်နော် မိရှုက welcome”
စီးကရက်တစ်လိပ် လက်ကြားညှပ်ဖွာပြီး တူမဖြစ်သူ ရွှေမင်းသမီးက ကြားမှ မခံချိမခံသာ ၀င်ဖြတ်သည်။
