“သားအိပ်တော့မလား”
စာမေးပွဲနီး၍ ထင်သည်။ပါပါးက ဂျွန်ယောင်းနှင့်အတူတူ ညလာအိပ်ပေးသည်မှာ ဆယ်ရက်လောက်တော့ ရှိပြီ။
“အိပ်တော့မယ်”
တွက်လက်စပုစ္ဆာထဲလည်း စိတ်မရောက်ပါဘဲ ဒယ်ဒီ့ကို အော်မိသည့်အကြောင်းကိုသာ ထပ်ချည်းတလဲလဲ ပြန်တွေးမိတော့ ဂျွန်ယောင်း ငိုချင်သွားရ၏။ဒယ်ဒီ့မှာလည်း ဘာအပြစ်မှ မရှိပါဘဲနှင့်။
“ပါပါးသားလေး ဦးအရင် ချပါအုံး။ဘုရားမေ့တရားမေ့ မနေရဘူးလေ သားရယ်”
စိတ်နှင့်ကိုယ် တသီးတခြားစီ ရှိနေသလို ဒီအတိုင်း လှဲအိပ်မိတော့ ပါပါးက ဘုရားကန်တော့ဖို့ သတိပေးသည်။စိတ်၏အတွင်းသန္တာန်မှ ငြိမ်သက်ကြည်လင်လာအောင် တစ်ပတ်လျှင် တစ်ကြိမ်လောက် ဒယ်ဒီက တရားထိုင်သည့်အလေ့အကျင့်ကို ပျိုးထောင်သတ်မှတ်ပေးခဲ့သည်ဆိုလျှင် ပါပါးကတော့ အိပ်ရာမဝင်မီ ဘုရားရှိခိုးတတ်သည့်အလေ့အကျင့်ကို ပျိုးထောင်သင်ကြားပေးသူဖြစ်ပါ၏။
“သာဓုပါဗျာ သာဓု သာဓု”
ဘုရားကို ဦးသုံးကြိမ်ချ ကန်တော့ပြီး ညအိပ်ရာဝင်တိုင်းပြုလေ့ရှိသော ပါပါးနှင့်ဒယ်ဒီ့အား ကန်တော့သည့်အမှုကို ဂျွန်ယောင်းက ဝတ်မပျက်ဆောင်ရွက်သည်။
ပါပါးက ဆုပေးပြီး ပြုံးတော့ ဂျွန်ယောင်းမျက်စိမှိတ် ငြိမ်နေရင်း စိတ်အတွင်းမှလည်း ဒယ်ဒီ့ကို ရည်ရွယ် ဦးခိုက်မိ၏။ကာယကံ၊ဝဇီကံ၊မနောကံ ကံသုံးပါးအနက်မှ ကံတစ်ပါးဖြင့် လွန်ကျူးမိခဲ့သည့်အတွက် သားကို ခွင့်လွှတ်ပါ ဒယ်ဒီ။စိတ်အတွင်းမှ ဝန်ချတောင်းပန်၍ ဂျွန်ယောင်းက မငိုမိအောင် အောက်နှုတ်ခမ်းကို တင်းတင်းကိုက်၍ ပါပါးဘက် ကျောပေးအိပ်သည်။
“ပါပါးသားလေး စိတ်ဖိစီးနေရှာမှာပဲ”
ပါပါးမှာ ဂျွန်ယောင်းစိတ်အတွင်း ခံစားနေရသည်ကို ဝင်ရောက်ကြည့်ရှုနိုင်သော ပုဂ္ဂိုလ်ထူးကြီးသဖွယ် အနောက်မှနေလျက် ဂျွန်ယောင်းကျောပြင်ကို ပွတ်သပ်၍ဆိုတော့ အရှိန်မထိန်းနိုင်တော့ပါဘဲ အိခနဲ ငိုချမိတော့၏။
