"အချစ်ဇာတ်လမ်းလေးကတော့ ကြည်နူးစရာပဲ"
"ကလေးကလား သိပ်နိုင်တာပါ။ပြန်တွေးကြည့်ရင် ရယ်ဖို့ကောင်းတယ်"
"ရယ်စရာမကောင်းပါဘူး ဆရာရဲ့၊ချစ်စရာလေးပါ"
အယ်ဒီတာချုပ်က စာမူကို အပေါ်ယံကြောရှပ်ဖတ်လိုက်ပြီး ဖိုင်တွဲတစ်ခုထဲ ကလစ်နှင့် ညှပ်သိမ်းလိုက်သည်။စားပွဲထက်တွင် အခြားသောစာမူများနှင့် ပြည့်သိပ်နေ၍ သူ(မ)လည်း မိမိကို အခါများစွာကဲ့သို့ ကျကျနန ဧည့်ထောက်ခံမပြုအား။
"နောက်မှပြောဖို့ စဥ်းစားမိပေမဲ့ နောက်ဆိုတာ မသေချာတဲ့ကာလ မဟုတ်လား။ရောက်လက်စနဲ့ အခုကတည်းက တစ်ခါတည်း ပြောပြသွားရင် ကောင်းမယ်ထင်လို့ပါ"
"ပြောလေ ဆရာ"
အယ်ဒီတာက စာရွက်အပုံများကြား တံဆိပ်တုံးရှာနေရင်း ကိုယ့်ဘက်တစ်ချက်လှမ်းကြည့်သည်။
"အခု ကျွန်တော်ရေးလက်စကို ဇာတ်လမ်းတစ်မျိုးပြောင်းပြီး အခုလောက်နဲ့ပဲ ဇာတ်သိမ်းရင် ကောင်းမယ်လို့ တွေးမိတယ်"
တွေးထင်ထားသည့်အတိုင်း မျက်ကြောတွေ သိသိသာသာ ကြုတ်သွားသည်။
"ဘာဖြစ်လို့လဲ ဆရာ။ဆရာပဲ အကြောင်းကိစ္စတစ်ခုရှိလို့ ဒီဇာတ်လမ်းကို ရေးခဲ့တာပါဆို။အမှန်တရားကို ရှာဖွေဖို့ ပြီးတဲ့အခါ ဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီးမှ စာဖတ်သူတွေရဲ့ သဘောထားကိုလည်း သိချင်တယ်လို့ ဆရာပြောဖူးတယ် ထင်တာပဲ"
"ရည်မှန်းထားခဲ့တာက အပေါ်ကပြောတဲ့ အတိုင်းပါပဲ။ဒါပေသိ ကျွန်တော့်ဘက်က ခြေတစ်လှမ်းဆက်တိုးမယ်ဆိုရင် သူ့အတွက် အခက်အခဲ ဖြစ်နေတယ်။သူ့အတွက် စိတ်ထိခိုက်စရာ ဖြစ်နေတယ်။ရှေ့ဆက်ဖို့ အတော်အကြပ်ရိုက်စရာ ကိစ္စပါပဲ"
"ဘယ်သူလဲ။ဂျေဆိုတဲ့ ပုဂ္ဂိုလ်ကို ဆရာ ရည်ညွှန်းတာလား"
"ဟုတ်ပါတယ်။ကျွန်တော်ဆက်ရေးမဲ့ အကြောင်းအရာတွေထဲမှာ သူမသိအောင် လျှို့၀ှက်ထားခဲ့တာတွေ၊နောက်ပြီး သူသိရင် သူ့အတွက် လုံးလုံးလျားလျား အဆင်မပြေမဲ့ အကြောင်းတွေ ပါနေတယ်။အမှန်တကယ်တော့ သူသိထားခဲ့တဲ့ သူ့မိခင်အရင်းဟာ သူနဲ့သွေးသားမတော်စပ်ပါဘဲ သူသိပ်မုန်းတဲ့ပုဂ္ဂိုလ်ကမှ သူ့မိခင်ဆိုတာ သိသွားခဲ့ရင် သူ့အတွက် ဘယ်အဆင်ပြေပါ့မလဲ"
