“မအားပါဘူး၊indoorရှုတင်အတွက် Briefingရှိပါတယ်ဆို”
“ကဲ ထယ်တစ်ယောက်ဟာလေ၊ဆူကောက်မနေဘဲနဲ့ ထယ့်မာမီ ဘာပြောချင်သလဲ အရင်သွားပြီး နားထောင်လိုက်ပါအုံး”
“နောက်မှနားထောင်ရင် မရဘူးလား”
“အိုကွာ မောင့်ယောက္ခမကြီး အဲ ယောက္ခမမာမီက သားတော်မောင်အတွက် လက်ဆောင်ပိစိကလေး ပြင်ဆင်ပေးထားပါတယ်တဲ့ဆို၊သားမောင်ကို ကိုယ်တိုင်ပေးရမှ ကျေနပ်မတဲ့။မောင့်ကိုချစ်ရင် မဆိုးစမ်းနဲ့ ဟန်နီရယ်”
“အောင်မယ် လိုချင်တာများရှိရင် ဟန်နီတွေ မောင်တွေ တွင်တွင်သုံး သိလား”
“သြော် ထယ့်ကောင်းကျိုးအတွက် မောင်က စည်းရုံးပေးရတာပါ၊ထယ့်ကောင်းကျိုးအတွက်ပဲဟာ”
“တော်ပြီ၊နားညည်းတယ်”
“လိမ္မာမယ်မဟုတ်လား ဘေဘီ”
“သွားပါ၊ကားကအခု မောင့်မာမီရဲ့ ကုမ္ပဏီရှေ့တည့်တည့်ရောက်နေပါပြီ၊ငါ ဆင်းတော့မလို့”
“အိုခေပါကွာ”
ဖုန်းမချခင် မောင်က ထူးထူးဆန်းဆန်း တစ်ဖက်ကနေ၍ “မွှ”ဟူသော အသံသေးသေးကလေးကို ထုတ်သွားသေးသည်။ရေခြားမြေခြား တိုင်းတစ်ပါး ရောက်နေတော့ ထယ့်မောင်တစ်ယောက် အတတ်ကောင်းတွေ တတ်နေတာ ဖြစ်မှာပေါ့။ဆံနီ၊ဆံဝါမကလေးတွေ ဘေးမှာထားပြီး 'မွ' လုပ်နေလည်း ထယ်က ဘာသိနိုင်မှာမို့လဲလေ နော့၊အလကား လူဆိုးကောင်..သူ့စကားနားထောင်မှ လူကို ချစ်ပါသလေး ဘာလေးနဲ့ ပျားသကာလို ချိုသာပြလိုက်သေး၏။လွန်ခဲ့သော တစ်နှစ်က ထယ့်မွေးနေ့ပါတီတွင် မောင်လက်ဆောင်ပေးခဲ့သော ကမ်းရိုးတန်းဖုန်း အသစ်စက်စက်ကလေးကို ထယ့်မှာ ရှက်ပြုံးကလေး ပြုံးကြည့်၍ မောင့်မျက်နှာကလေးကို မြင်ယောင်မိကာ အသံမမြည်ရအောင် ခိုးနမ်းပစ်လိုက်မိပါသည်။မောင့်လိုတော့ ပွင့်ပွင့်လင်းလင်းကြီး မလုပ်ရဲပါဘူး၊အရှေ့ခန်းမှာ ဒရိုင်ဘာကြီး ရှိနေသေးတဲ့ဟာ...
“ကားဆရာကြီး ရီဆက်ရှင်းမှာပဲ စောင့်ချင်စောင့် မဟုတ်ရင် အိမ်ပြန်ချင်လည်း ရတယ်နော်၊နောက်တစ်နာရီအတွင်း ပြန်ရောက်ရင်ရပြီ၊ထယ် မာမီနဲ့ စကားပြောစရာလေးရှိလို့ ကြာလိမ့်မယ်”
