“ကပါ ပါပါးရဲ့”
ဒယ်ဒီ့ဘက်က လက်ကမ်းပေးသည်ကို ပါပါးတစ်ယောက် တွန့်ရွံ့ရွံ့ လုပ်ပြနေသည့်အခါ ဂျွန်ယောင်း စိတ်မရှည်တော့ပါ။ဒီလို အခိုက်အတန့်လေးမှာပဲ ဖအေနှစ်ယောက် တည့်တည့်ပြုပြု ရှိနေကြသည်ကို ဂျွန်ယောင်းက အပြည့်အ၀ မြင်ခွင့်ရမှာလေ။ဒီတော့ ဖြစ်နိုင်မည်ဆိုပါက ဒီအဖေနှစ်ဦးစလုံးကို ခွာမရအောင် ကော်နှင့်သာ ကပ်ပေးထားချင်ပါ၏။
“ရှုပ်ရှုပ်ယှက်ယှက်၊တစ်နေကုန် စာသင်ပြီးမှ ပင်ပန်းပါတယ်။မကချင်ဘူး”
ဒယ်ဒီ့လက်ကို ဖယ်ပုတ်ထုတ်ပြီး ပါပါးက အပြတ်အသတ်ငြင်းပစ်လိုက်တော့ ဒယ်ဒီ့မှာ မျက်နှာငယ်လေးနှင့်။နှုတ်ခမ်းကြီး မသိမသာ ထော်သွားလေသော ဒယ်ဒီ့ပုံစံကိုကြည့်၍ ဂျွန်ယောင်းက စိတ်မရှည်လာတော့သည့်အခါ ပါပါးအနား ခပ်မြန်မြန် လျှောက်သွားလိုက်သည်။
“ပါပါး သားစကား နားမထောင်ရင် ပါပါး ကျောင်းမှာ စာသင်နေတဲ့ကိစ္စ ဒယ်ဒီ့ကို ပြောပြမှာနော်”
ပါပါးဘေး တိုးကပ်ထိုင်လိုက်ပြီး မျက်နှာကလေး တည်တည်စူးစူးဖြင့် ပါပါးကြားသာရုံ နားနားကပ်၍ ခြိမ်းခြောက်လိုက်သည်။စာရွက်တစ်ရွက်၊ခဲတံတစ်ချောင်း ပေါင်ပေါ်တင်၍ သင်နည်းမှတ်စုရေးရင်း တမင်တကာအလုပ်ရှုပ်ဟန်ဆောင်နေသော ပါပါးတစ်ယောက် ဂျွန်ယောင်း၏ တစ်ခွန်းတည်းသော ခြိမ်းခြောက်စကားတွင် ခေါင်းထောင်လာ၏။အညှာကို သိနေတော့ ဂျွန်ယောင်းက မမှုသလို သွားဖြဲပြလိုက်ပြီး ပါပါးကြည့်သလို ခပ်ဆွေဆွေလေး ပြန်ကြည့်ပြလိုက်သည်။
“မကဘူးကွာ”
“သေချာလို့လား”
“မင်းငါ့ကို အကြပ်လာကိုင်နေလို့ကို မလုပ်တာ”
မျက်ဆံကို တမင်တကာ ထောင့်ကပ်ပြီး ပါပါးက သူ့နှုတ်ခမ်းလှလှလေးကို အူယားစဖွယ် လုံးနေအောင် ထော်ပစ်လိုက်သည်။ဘောင်ကွတ်ထားသော အဝေးကြည့်မျက်မှန် ကိုင်းအပါး၏ မှန်ကြည်ကြည်အောက်မှနေ၍ ဂျွန်ယောင်းကို ခပ်စွေစွေကြည့်၏။ဒယ်ဒီပြောခဲ့ဖူးသော စကားတစ်ခွန်း ဤနေရာတွင် ခြွင်းချက်မရှိ မှန်ကန်သွားပါ၏။ပါပါးသည် လူကြီးယောင်ဆောင်ထားသော ကလေးကြီးမှ ကလေးကြီး စစ်စစ် ဖြစ်နေခဲ့သည်။
