“ငါပိုင်တဲ့ပစ္စည်း ဘယ်သူ့လက်ထဲအပ်အပ်၊မင်းအရေးလား၊အပိုတွေ လျှောက်တွေးနေတာ အလကား”
“နေပါအုံး၊ခင်ဗျားပစ္စည်းလို့ ကျုပ်မပြောလိုက်မိဘူးနော်။အေး ကျုပ် ရှယ်ယာထဲက ခွဲပေးမှာ၊ကျုပ်ရှယ်ယာထဲက နားလည်လား”
ပိုက်ဆံကျ အသေအကြေ မက်သည်။ကျွန်တော်ပိုင်ဟူသောစကား နှင့် ခွဲပေးမယ်ဟူသော အသုံးတွင်ပင် မျက်လုံးတွေ ဖြတ်ခနဲ လက်တောက်သွားကြသည်။မျိုးတူ၊ရိုးတူ၊အကျင့်တူ၊စရိုက်တူ။
“မင်းပိုင်တဲ့အထဲကလည်း မလိုချင်ဘူး၊ငါ့ဟာငါ သီးသန့်ဆို သီးသန့်ပဲ၊လာမရောနဲ့”
မူပြနေတော့ ရယ်ချင်၏။
“ကျုပ်ကရော ကျုပ်ပိုင်တဲ့အစုကို ခင်ဗျားဆီ လွှဲမယ်ထင်သလား၊ပြောခဲ့ပြီးပြီလေ အပြသဘောပဲ၊ကျုပ်အိမ်က ခင်ဗျားဆင်းတဲ့အခါကျရင် ဒီပစ္စည်းတွေ ပြန်အပ်ခဲ့ရမှာ၊သဘောပေါက်လား၊ကျုပ်သိက္ခာအတွက် ခင်ဗျားကို အသုံးချရုံလေးပဲ”
တမင်တကာကို ကပ်သပ်ပြီးမှ ကျွန်တော်ကလည်း တလွှားလွှားထောင်နေသော သူ့မာနကို ဦးချိုးချချင်သည်။အပိုင်ပေးခြင်း မပေးခြင်းက နောက်အပိုင်း။လောလောလတ်လတ်တွင် သူ့စိတ်ကလေး ကသိကအောက် ဖြစ်ရ၊ဖြစ်ရ။
“အပြသဘောမကလို့ အပြုတ်သဘောဖြစ်ဖြစ် ဘာနေနေ မင်းစိတ်တိုင်းကျ၊မင်းသဘောရှိ လုပ်ရအောင် အခုချိန်မှာ ငါက မင်းနယ်ရုပ်မဟုတ်ဘူး၊မလိုက်နိုင်ဘူး၊မလုပ်နိုင်ဘူး၊စကားကုန်ပြောပြီးပြီ၊ဒါပဲ”
နေမကောင်းတာတောင် ကပ်ကပ်လန် ရန်စွာနေတာများ လုပ်-တ်ချင်စရာ။သူ့ဘက်ကများ သေးသေးကလေး နစ်နာသွားမှာ၊အကျိုးအမြတ်မရှိမှာကိုကျ စပ်စပ်ခါအောင် ကြောက်တတ်သည်။
“မလိုက်လို့မရဘူး၊စာချုပ်မှာ လက်မှတ်ထိုးကတည်းက တစ်ခါတည်း ပါပြီးသားပဲ၊ကျုပ်အိမ်မှာနေချင်ရင် ကျုပ်စည်းမျဥ်းနဲ့ တသားတည်းနေ၊မနေနိုင်ရင် ဆင်း၊ဒါပဲ”
“ငါ မင်း စာချုပ်မှာ လက်မှတ်မထိုးထားဘူး ဂျေ၊မင်း ငါ့ကို အကြပ်ကိုင်လို့ မရဘူး”
“ဒီလိုဆို ခင်ဗျားလည်း ကျုပ်အိမ်ပေါ်က ဆင်း၊သားကိစ္စ ဆက်ပြောချင်ရင် တရားရုံးက ရှင်း၊နစ်နာကြေးလား တောင်းသလောက် ပေးလိုက်မယ်၊အေး ဒါပေမဲ့ ကျုပ်သားကိုတော့ ခင်ဗျားလက်ထဲ ပြန်ထည့်ပေးဖို့ တစ်သက်မမျှော်လင့်နဲ့”
