“ဘယ်လို ချစ်သွားကြသလဲဆိုတော့”
“အင်း ဘယ်လိုချစ်သွားကြသလဲ၊ပြောပြတော့လေ ပါပါး”
သူ့ကို အပြင်အထွက်ခိုင်းပြီး မိနစ်ပိုင်းမျှကြာလျှင် သားရော ကိုယ်ပါ ခုတင်ပေါ် ဇိမ်နှင့်နှပ်နေကြပြီး သားက ကိုယ့်ပေါင်ပေါ် ခေါင်းမှီတင်၍ လျောင်းရက်ရှိရာ ကိုယ့်ဘက်သို့ ကိုယ်လုံးကလေး တစောင်းလှည့်၍ မိဘများ၏ အတိတ်က ဇာတ်လမ်းကို နားထောင်ရဖို့ တဂျီဂျီ ပူဆာနေ၏။ပြောပြပါမည်ဟူ၍ ကတိပေးထားပြီးကာမှ မတည်ဘဲရှိခဲ့သော် သားတစ်ယောက် ကိုယ့်အပေါ် ငြူစူတော့မည့်အရေးကို တွေးမိကာ ပြုံးမိပြီးကာမှ တစ်ဖန် သူနှင့်ကိုယ်၏ မနူးမနပ် အချစ်ဇာတ်လမ်းတစ်ပုဒ် စတင်ခဲ့ရာ နှစ်နှစ်ဆယ်ကျော်ကာလသို့ အတွေးလည်ပြန်ရောက်မိတော့ သက်ပြင်းမောများ ချမိပြန်ကာ သား၏ဆံကောက်ကလေးများကို ထိုးဖွနေမိသည်။သူ ကိုယ့်ကို အဲဒီအချိန်တုန်းက ချစ်ခွင့်မပန်ခဲ့ရင် အကောင်းသားလားနော်။ဒီလိုဆို သူ့အဖို့လည်း မထိခိုက်ရဘူး။သားကိုလည်း ဒီလိုအခြေအနေမှာ ထားဖြစ်ခဲ့မှာ မဟုတ်တော့ဘူး။
“မင်းဒယ်ဒီ အထက်တန်းဒုတိယနှစ် ဖြေခါနီးအချိန်။အဲဒီအချိန်တုန်းက မင်းဒယ်ဒီရဲ့ ခန္ဓာကိုယ်က သေးသေးညှက်ညှက်ကလေး၊သားနဲ့ သိပ်တူတာပဲ။မတူတာတစ်ခုက မင်းဒယ်ဒီဟာ အဲဒီအချိန်မှာ လူပျိုပေါက်စိတ်၀င်နေပြီ။လူပျိုကလေးလုပ်နေပြီ သားရဲ့”
ဖြူဖြူလုံးလုံး ပုပုသေးသေးကလေးနှင့် ဆံပင်ကို မိန်းမကလေးများလို ဘော့ဟဲယားအတိုညှပ်ပြီး နားကွင်းနားကပ် အချွန်အတက် ဒါဇင်ချီအောင် ကိုယ်တွင် ဆင်တတ်သော သူ့ပုံစံကလေးက ထိုခေတ်ထိုအခါတွင် ရွယ်တူ ယောကျ်ား၊မိန်းမကလေးများအကြား သူမတူသော စွဲဆောင်မှုတစ်မျိုးဖြင့် လူအများ၏စိတ်၀င်စားမှုကို များစွာရရှိခဲ့ပါသေးသည်။လူပုသလောက် ဗလတွေ၊ဇတွေ သိပ်ပြချင်ပါသော ကိုယ်တော်ချောက ကိုယ်ကြပ်အင်္ကျီ၊ဂျင်းကျပ်ဘောင်းဘီ၊လျှာထိုးဦးထုပ်နောက်ပြန်ဆောင်းပြီး အမြဲ ဟန်ရေးတပြပြ ရှိခဲ့သည်ပဲ မဟုတ်ပါလား။
“မညှက်ပါဘူးနော် ပါပါးရေ။ပါပါးရဲ့ သားက ထွားပါတယ်။ဗလရှိ၊ဇရှိ ဒီမှာကြည့်တွေ့လား ပါပါး၊သားလက်မောင်းမှာ ကြက်ဥတစ်လုံးစီ ရှိတယ်”
